မိသားစု စီးပွားရေးနှင့် ပတ်သက်၍ အချိန်မရွေး အစစ်ခံနိုင်သည်ဟု ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ လက်ရှိပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားခဲ့သည်။
အောက်တိုဘာလ ၂၄ ရက်က လွှတ်တော် အဆောက်အအုံ၌ ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်နာယကနှင့် သတင်းမီဒီယာများ တွေ့ဆုံပွဲတွင် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
သတင်းထောက်တစ်ဦး မေးမြန်းသည့် မိသားစု စီးပွားရေးကိစ္စနှင့် ပတ်သက်၍ ဥက္ကဌအနေဖြင့် clear ဖြစ်ပါသလား ဆိုသည့် မေးခွန်းကို ပြန်လည် ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
''မိမိတို့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီ လက်ထက်မှာ မိမိရဲ့ ရာထူးအဆင့်လည်း အားလုံးသိပြီး ဖြစ်ပါတယ်။ အဲဒီအချိန်မှာ မိမိရဲ့ သားသမီးတွေ အရွယ်ရောက်လာပြီ။ အရွယ်ရောက်လာတဲ့ အခါမှာ သူတို့စီးပွားရေး လုပ်ဖို့လိုတယ်။ နိုင်ငံသား တစ်ယောက်အနေနဲ့ ဥပဒေဘောင် အတွင်းက စီးပွားရေးလုပ်ဖို့ သူ့မှာအခွင့်အရေး ရှိတယ်။ မည်သူမဆို စီးပွားရေး မလုပ်ဘဲ၊ အလုပ်မလုပ်ဘဲ ဘယ်ကငွေနဲ့ ဘယ်က ပစ္စည်းနဲ့စားမလဲ။ ဒါကြောင့်မိုလို့ စီးပွားရေး လုပ်မယ်လို့ ပြောတဲ့အခါမှာ မိမိဥက္ကဌ မဟုတ်သေးပါဘူး။ ခုနက ဗိုလ်ချုပ်ကြီးဘ၀က အားပေးတယ်။ လုပ်ဆိုတဲ့ နေရာမှာ ဥပဒေနဲ့အညီ ဖြစ်ရမယ်။ အခွင့်အရေး ပိုမယူရဘူး။ ပြီးတဲ့အခါမှာ လူကြီးသားသမီးမို့လို့ အခွင့်အရေး ပိုမယူရဘူး။ ဒီလိုသတ်မှတ်ပြီး ဆောင်ရွက်ခိုင်းတယ်။ ဒီနေ့သူတို့တွေ ထိုက်သင့်တဲ့ အခြေအနေရောက်ပြီ။ ပြောရဲတယ်။ သေချာတယ် ကိုယ့်ကိုယ် ဗိုလ်ချုပ်ကြီး တစ်ယောက်အနေနဲ့ သူတို့တွေကို တပ်နဲ့ဆိုင်တဲ့ စီးပွားရေး လုပ်ငန်းတွေမှာ မလျော်သြဇာသုံးပြီး တစ်ခုမှ မခန်ခဲ့ဘူးဘူး။ အဲဒီအဆိုင်းပဲ နယက အဖွဲ့ဝင်တစ်ယောက် အနေနဲ့လည်း သူတို့ကိုပိုပြီး အခွင့်အရေးပေးပြီး ခိုင်းခဲ့တာတွေ တစ်ခုမှမရှိဘူး။ ဒီကနေ့သူတို့ စီးပွားရေး လုပ်နေကြတယ်။ ဘာတွေဆိုတာ တရားဝင်လုပ်တယ်။ စီးပွားရေး လုပ်ပြီးရတဲ့ ၀င်ငွေကို အခွန်အကောက် ဆိုင်ရာနဲ့ ပတ်သက်ပြီးတော့လည်း သူတို့ကို ဥပဒေနဲ့အညီ ဆောင်ရွက်ခိုင်းထားတယ်။ ဆောင်ရွက်ထားတယ်လို့ ပြောတယ်။ ဒါနဲ့ပတ်သက်လို့ တာဝန်ယူတယ်။ ကလေးတွေအတွက် ကလေးတွေ တာဝန်ယူနိုင်အောင် လုပ်ထားတယ်။ အချိန်မရွေး အစစ်ခံနိုင်တယ်။ အချိန်မရွေး လာရောက် လေ့လာနိုင်ပါတယ်'' ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားခဲ့သည်။
0 comments:
Post a Comment