Wednesday, October 23, 2013

ဖာဂူဆန်ပြောတဲ့ ဘက်ခမ်း၊ ဖိနပ်ပျံအကြောင်း

မန်ချက်စတာယူနိုက်တက် မန်နေဂျာဟောင်း ဆာအဲလက်စ် ဖာဂူဆန်ဟာ ကိုယ်ရေးအတ္ထုပ္ပတ္တိ စာအုပ် တစ်အုပ် ထုတ်ဝေလိုက်ပြီ ဖြစ်ပြီး အဆိုပါ စာအုပ်ထဲမှာ တစ်ချိန်က နာမည်ကြီး သတင်းတစ်ပုဒ် ဖြစ်ခဲ့သည့် ဒေးဗစ် ဘက်ခမ်းနှင့် ဖြစ်ပျက်ခဲ့သည့် မကျေလည်မှုများအကြောင်း၊ အဝတ်လဲခန်းထဲမှ ဖိနပ်ပျံအကြောင်းများကို ထည့်သွင်း ရေးသားဖော်ပြခဲ့သည်။

“မန်ချက်စတာယူနိုက်တက် ကစားသမားတစ်ယောက်ဟာ သူ့အနေနဲ့ မန်နေဂျာထက် ပိုပြီး အရေးပါတယ်လို့ ထင်နေတဲ့ တစ်နေ့ သူ အသင်းက ထွက်ရမှာပါ။ ဒေးဗစ်ဟာ အဲလက်စ် ဖာဂူဆန်ထက် အရေးပါ အရာရောက်တယ်လို့ ထင်မြင်ခဲ့ပါတယ်။ ဒါ သူ့အတွက် သေမင်းခေါင်းလောင်းသံပါပဲ။”

“အဲဒီတုန်းက သူနှင့် ကျနော့်ကြားမှာ ၁၂ ပေလောက်ပဲ ဝေးတာပါ။ ကျနော်တို့ နှစ်ယောက်ကြားက ကြမ်းပြင်မှာ ဖိနပ်တွေ အစီလိုက်ရှိနေပါတယ်။ ဒေးဗစ်ဟာ ခပ်ကြမ်းကြမ်း စကားတွေ ပြောနေပါတယ်။ ကျနော် သူ့နားကို တိုးသွားခဲ့ပါတယ်။ ပြီးတော့ ဖိနပ်ကို ကျနော် ကျန်ကျောက်ခဲ့တာပါ။ အဲဒီဖိနပ်က သူ့ညာဖက် မျက်ခုံးကို သွားထိခဲ့ပါတယ်။”

“ဒါပေါ့။ သူ မတ်တပ်ထရပ်ပြီး ကျနော့်ဆီ တိုးလာတော့မလို ဟန်ပြင်လိုက်ပါတယ်။ တစ်ခြား ကစားသမားတွေက သူ့ကို ‘ထိုင်နေလိုက်’ လို့ ပြောပြီး သူ့ကို တားဆီးခဲ့ပါတယ်။ ကျနော် ပြောခဲ့တာကတော့ ‘မင်း အသင်းကို စိတ်ပျက်စေခဲ့တယ်။ မင်းကြိုက်သလို စောဒက တက်နိုင်တယ်။’ လို့ ကျနော် ပြောဖြစ်ခဲ့တယ်။”

“နောက်နေ့ကျတော့ ကျနော် သူ့ကို ခေါ်ပြီး ဗီဒီယို ပြန်ကြည့်ခိုင်းခဲ့တယ်။ ဒါပေမယ့် သူကတော့ သူ့အမှားလို့ လက်မခံခဲ့ပါဘူး။ ကျနော်ပြောတာတွေကို ထိုင်ပြီး နားထောင်နေခဲ့တယ်။ သူ စကားတစ်လုံးမှ မပြောခဲ့ဘူး။ တစ်ခွန်းမှကို ပြန်မပြောခဲ့တာပါ။ ‘ငါတို့ ဘယ်အကြောင်း ပြောနေကြတယ်ဆိုတာ မင်းနားလည်ရဲ့လား၊ ဘာလို့ မင်းကို ပြောနေရတာလဲ ဆိုတာ မင်းသိရဲ့လား။’ လို့ ကျနော် မေးခွန်းထုတ်ခဲ့ပေမယ့် သူ ဘာမှ ပြန်မဖြေခဲ့ဘူး။”

“နောက်ရက်ရောက်တော့ ဒီအဖြစ်အပျက်တွေက သတင်းစာတွေမှာ မျက်ခုံးဒါဏ်ရာကို ဟိုက်လိုက်လုပ်ပြီး ပြည်သူတွေကို ဖော်ပြနေကြပါပြီ။ အဲဒီနေ့တွေမှာပဲ ကျနော် ဒေးဗစ်ကို ထုတ်မှ ဖြစ်တော့မယ်လို့ ဘုတ်အဖွဲ့ကို ပြောခဲ့ပါတယ်။” ဟု ရေးသား ဖော်ပြခဲ့သည်။
Written by အောင်စိုးမိုး(နတ်ရွာ) 

0 comments:

Post a Comment