Saturday, October 12, 2013

မုန်တိုင်းအန္တရာယ်မှ ရှောင်ရှားကာကွယ်နိုင်ရန် သတိပေးချက်ထုတ်ပြန်

အောက်တိုဘာ ၁၁ ရက် ညနေ ၅ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော အားအလွန် ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဖိုင်လင်း (PHAILIN) သည် ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းသို့ ရောက်ရှိခဲ့ပြီး ပုသိမ်မြို့၏ အနောက် တောင်ဘက်မိုင် ၃၉ဝ ခန့်၊ ဂွမြို့၏ အနောက်တောင်ဘက် ၃၈၅ မိုင်ခန့်၊ ကိုကိုးကျွန်းမြို့၏ အနောက်မြောက်ဘက် မိုင် ၃၅ဝ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။
အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသည် အနောက် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ဗဟိုချက်အနီးတွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင်မိုင် ၁ဝဝ မှ မိုင် ၁၂ဝ အထိရှိနိုင်သည်။ ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင် ၅ဝ အထိ တိုက်ခတ်နိုင်သည်။
အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေ မှာ အဝါရောင်အဆင့်သာရှိပြီး မြန်မာနိုင်ငံကမ်းခြေသို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိဟုသတ်မှတ်သော်လည်း မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့် မုန်တိုင်းအန္တရာယ်ရှောင်ရှားရန် လိုအပ် ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
သို့ဖြစ်၍ မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်အတွင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသော ကမ်းနီး ငါးဖမ်းလှေများ၊ ပြည်တွင်း/ပြည်ပ ကမ်းဝေးငါးဖမ်းရေယာဉ်များအနေဖြင့် အဆိုပါ မုန်တိုင်းအန္တရာယ်မှ ရှောင်ရှား ကာကွယ်နိုင်ရန်အတွက် အောက်ဖော်ပြပါ တည်နေရာများတွင် အချိန်မီ ခိုလှုံ ကြပါရန် လိုအပ်ပါသည်-
(က) ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဖရုံဂါကျွန်း (မြောက်လတ္တီတွဒ် ၂ဝ ဒီဂရီ ဝဝ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ဝဝ မိနစ်)
(ခ) ရခိုင်ပြည်နယ် သံတွဲမြို့နယ် သဗြူချိုင် (ANDREW BAY) (မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၂ဝ မိနစ်နှင့် 
အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၂ဝ မိနစ်)
(ဂ) ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ငလပွေ့ချောင်း (မြောက်လတ္တီ တွဒ် ၁၉ ဒီဂရီ ၂၄ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃၃ မိနစ်)
(ဃ) ရခိုင်ပြည်နယ် သံတွဲမြို့နယ် ဆင်ခေါင်းဆိပ်ကမ်း (မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၃၁ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၁၃ မိနစ်)
(င) ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် သင်္ဘောဆိပ် (မြောက်လတ္တီ တွဒ် ၁၈ ဒီဂရီ ၁၅ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၁၃ မိနစ်)
(စ) ရခိုင်ပြည်နယ် ဂွမြို့နယ် တင်းတောကျေးရွာအုပ်စု အမော်ချိုင် (မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ ၃၇ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၃၄မိနစ်)
(ဆ) ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဟိုင်းကြီးကျွန်း (HAINGGYI ISLAND) (မြောက် လတ္တီတွဒ် ၁၅ ဒီဂရီ ၅၈ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၂ဝမိနစ်)
(ဇ) ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ပြင်ခရိုင် ချောင်းဝကျေးရွာ (မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ဝဝ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ်၉၄ဒီဂရီ ၂၄ ဒသမ ၄ဝ မိနစ်)
(ဈ) ဧရာဝတီတိုင်းဒေသကြီး ကဒုံကနိကျေးရွာ (မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၄၈ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၁၆မိနစ်)
ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးရှိ ကမ်းနီးငါးဖမ်းရေယာဉ် များသည် ငါးဖမ်းဆီးထွက်ခွာခြင်း မပြုကြရန်နှင့် နီးစပ်ရာလုံခြုံသည့် ကျွန်းများ တွင် ကျွန်းခိုကြရန် မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ ကြေညာထားကြောင်း သတင်းရရှိသည်။ 
(သတင်းစဉ်)

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

0 comments:

Post a Comment