Thursday, October 24, 2013

လူလတ်ပိုင်းတို့အတွက် အကောင်းဆုံး သဘာဝပိန်ဆေး

Photo: လူလတ်ပိုင်းတို့အတွက် အကောင်းဆုံး သဘာဝပိန်ဆေး

Obesity ဆေးပညာ ဂျာနယ်တွင် နှစ်ပေါင်း(၂၀)ကျော်ကြာ သုတေသန စစ်တမ်းများကို အခြေခံ လေ့လာထားသည့် ရလဒ်များကို ဖော်ပြခဲ့ရာ နေ့စဉ် ရေတစ်ခွက်မျှ ပုံမှန် ပိုသောက်ခြင်းသည် ကိုယ်အလေးချိန် လျှော့ချရန် ကောင်းမွန်သော နည်းလမ်းတစ်ခုဟု အခိုင်အမာ ညွှန်းဆိုထား

လူလတ်ပိုင်း အရွယ်တွင် ကိုယ်အလေးချိန် တက်လာလေ့ရှိသော အခြေအနေကို ဟန့်တားရန် အကောင်းဆုံး သဘာဝ ဆေးနည်းသည် ရေသောက်ခြင်းပင်ဖြစ်ကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။ Obesity ဆေးပညာ ဂျာနယ်တွင် နှစ်ပေါင်း(၂၀)ကျော်ကြာ သုတေသန စစ်တမ်းများကို အခြေခံ လေ့လာထားသည့် ရလဒ်များကို ဖော်ပြခဲ့ရာ နေ့စဉ် ရေတစ်ခွက်မျှ ပုံမှန် ပိုသောက်ခြင်းသည် ကိုယ်အလေးချိန် လျှော့ချရန် ကောင်းမွန်သော နည်းလမ်းတစ်ခုဟု အခိုင်အမာ ညွှန်းဆိုထားသည်။ တစ်ဖက်တွင်မူ သကြားဓာတ် များပြားသည့် ဖျော်ရည်နှင့် အချိုရည်များ သောက်သုံးမှုကို လျှော့ချပြီး ယင်းနေရာတွင် ရေဓာတ်ကို ဖြည့်ဆည်းပေးရမည် ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုရှိ လူပေါင်း (၁၂၅၀၀၀)ကျော်၏ နေထိုင်စားသောက်မှု ပုံစံ အပြောင်းအလဲများကို ခြေရာခံကာ ယခုတွေ့ရှိမှုကို အဖြေထုတ်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

အသက်(၃၀)ဝန်းကျင် အရွယ်တွင် ပုံမှန်အားဖြင့် ကိုယ်အလေးချိန် (၃)ပေါင်ဝန်းကျင် ပျမ်းမျှ တိုးပွားလာတတ်သော်လည်း နေထိုင်မှု ပုံစံကို အတန်ငယ် ပြုပြင်ခြင်းဖြင့် အဝလွန်မှုကို လျှော့ချနိုင်မည်ဟု သုတေသီများက ထောက်ခံထားသည်။ လူလတ်ပိုင်း အမျိုးသား၊ အမျိုးသမီးများအနက် ပုံမှန်အတိုင်း သစ်သီးဖျော်ရည်နှင့် သကြားဓာတ် များပြားသည့် အချိုရည်များ သောက်သုံးနေမှုကို လျှော့ချကာ သောက်ရေကို အစားထိုးလိုက်သည့်နောက် ကိုယ်အလေးချိန် တိုးပွားမှုကို သိသာစွာ ဟန့်တားနိုင်ခဲ့ကြောင်း ကွဲပြားသည့် စစ်တမ်း(၃)ခု၏ အဆုံးသတ် ရလဒ်များက ညွှန်ပြလျှက် ရှိသည်။ ဟားဗက် တက္ကသိုလ် ပြည်သူ့ကျန်းမာရေး ဌာနသည် ယခုတွေ့ရှိချက်အတွက် ဆယ်စုနှစ်နှင့်ချီ နောက်ကြောင်းပြန် လေ့လာ အဖြေရှာပြီးမှ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

အကယ်၍ ရေမသောက်ဖြစ်သည့်တိုင် သကြားမပါသော ကော်ဖီနှင့် အခြားဖျော်ရည်များကို ပုံမှန်သောက်ခြင်းကလည်း ကိုယ်အလေးချိန် မတက်အောင် အထောက်အပံ့ ပေးမည်ဖြစ်ကြောင်း သိရသည်။ အဓိကအားဖြင့် နေ့စဉ် သောက်သုံးဖြစ်သည့် သကြားဓာတ်ပါသော အရည်များအစား ရေဓာတ်ကို အစားထိုးရန်ဖြစ်ပြီး ပျမ်းမျှအားဖြင့် ကိုယ်အလေးချိန် (၇)ပေါင်ဝန်းကျင် လျှော့ချနိုင်မည်ဟု သုတေသီများက ဆိုသည်။ ဟားဗက်မှ သုတေသီများသည် (၁၉၈၀)ပြည့်လွန် နှစ်များမှ စတင်ကာ (၂၀၀၇)ခုနှစ်ထိ လူပေါင်း (၁၂၅၀၀၀)၏ နေ့စဉ် လူနေမှုဘဝ နေထိုင်စားသောက်ပုံများကို လေ့လာခဲ့ခြင်း ဖြစ်သည်။

အကယ်၍ သကြားဓာတ်ပါသော အချိုရည်များကို လုံးဝမသောက်ဘဲ တစ်နေ့လျှင် ပုံမှန်ထက် ရေ(၂)ခွက်မျှ သောက်ပါက ပိုမိုထိရောက်စွာ ဝိတ်လျှော့နိုင်မည်ဟုလည်း ဆိုသည်။ "အချိုရည်တွေ၊ သကြားဓာတ်ပါတဲ့ အသီးဖျော်ရည်တွေကို သောက်ရေနဲ့ ရေရှည် အစားထိုးခြင်းဟာ ကိုယ်အလေးချိန် လျှော့ချမှုကို ရေရှည်မှာ သိသိသာသာ အကျိုးသက်ရောက်စေပါတယ်။ ဒီလုပ်ဆောင်မှုဟာ အဝလွန်မှုကို တိုက်ဖျက်ဖို့ သဘာဝအကျဆုံး နည်းလမ်းတစ်ခု အနေနဲ့ ထောက်ခံရပါလိမ့်မယ်"ဟု လန်ဒန်ရှိ စိန့်ဂျော့ဆေးရုံမှ အာဟာရဗေဒ ပညာရှင် ဒေါက်တာ ကက်သရင်း ကိုလင်းစ်က သုံးသပ်ခဲ့သည်။ 

သူမက "ဒီတွေ့ရှိချက်ဟာ စိတ်ဝင်စားစရာပါ။ တကယ်လို့ ရေမသောက်ဖြစ်တဲ့တိုင် ကယ်လိုရီ ပါဝင်မှု နည်းပါးတဲ့ ဖျော်ရည်တွေကို အစားထိုးလို့ ရပါတယ်။ ပြီးတော့ ကိုယ်အလေးချိန် အပြောင်းအလဲကို ပုံမှန် စစ်ဆေးကြည့်ရင် သိသာတဲ့ သက်ရောက်မှုကို မြင်ရပါလိမ့်မယ်"ဟုလည်း ပြောကြားခဲ့သည်။ မကြာသေးမီက နယ်သာလန်ရှိ မက်စထရစ်ခ်ျ တက္ကသိုလ်တွင် ပြုလုပ်သည့် သုတေသန ရလဒ်တစ်ခုအရ တစ်နေ့လျှင် ရေ(၆)ခွက်မှ (၈)ခွက်အထိ သောက်သုံးခြင်းဖြင့် ညောင်းညာ အကြောတက်ခြင်းနှင့် ခေါင်းကိုက်ခြင်းများကို လျော့ပါးစေကြောင်း ဖော်ထုတ် တွေ့ရှိထားခဲ့ဖူးသည်။ 

Planet Myanmar Network

0 comments:

Post a Comment