Tuesday, August 27, 2013

ပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်းကြောင့် ဒလတွင် ကောလာဟလများ ပျံ့နှံ့ဟုဆို

 ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်က လျော်ကြေးပေး သိမ်းယူထားသည့် ရန်ကုန် တစ်ဖက်ကမ်း ဒလမြို့နယ် ခနောင်ရွာမ (ကွင်း) နှင့် တုံးတင်ကန် (မြောက်ကွင်း) ရှိ လယ်မြေ ဧက ၅၀၀ ၏ ဧရိယာ ဝန်းကျင်တွင် ညမထွက်ရ အမိန့် (ပုဒ်မ ၁၄၄) ထုတ်ပြန်ထားခြင်းကြောင့် ဒလမြို့နယ် အတွင်းတွင် ကောလာဟလများ ထွက်ပေါ်နေကြောင်း ဒလမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးထွန်းရင် က ပြောကြား သည်။


ဒလမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးတွင် ယနေ့ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် အဆိုပါမြို့နယ် အတွင်းရေးမှူးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အဲဒီနေရာတွေနဲ့ မသက်ဆိုင်တဲ့ အခြားနေရာက လူတွေတောင် ညဘက် ဖားရှာ၊ ငါးရှာ မထွက်ရဲ ကြတော့ဘူး။ တပ်ပိုင်မြေ ဆိုရင်လည်း တပ်မြေလို့ ဆိုင်းဘုတ် ချိတ်လိုက်ရုံနဲ့ လုံလောက်ပါတယ်။ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေတဲ့ အပြုအမူတွေမရှိပါဘူး။ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ၊ အုပ်စုဖွဲ့ အကြမ်းဖက်မှုတွေ ဘာတစ်ခုမှ မရှိပါဘူး။ ဒါကြောင့် ကာဖျူး ထုတ်စရာ မလိုပါဘူး” ဟု ၎င်းက ဆိုသည်။

ဒလမြို့ပေါ် ၂၃ ရပ်ကွက် အပါအဝင် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၂၃ ခုမှ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ရုံးများက ခနောင်ရွာမ (ကွင်း) နှင့် တုံးတင်ကန် (မြောက်ကွင်း) ရှိ လယ်မြေ ဧရိယာ ဝန်းကျင်တွင် ည ၆ နာရီမှ နံနက် ၆ နာရီအထိ သွားလာခြင်း မပြုရန် ယခုလ ၁၀ ရက်နေ့က ရပ်ကွက် များအတွင်း လိုက်လံ ကြေညာခဲ့ကြောင်း၊ ယင်းကြောင့် ရပ်ကွက်အများစုတွင် လုံခြုံရေးကို စိုးရိမ်နေကြသလို လက်နက်များ ဖမ်းမိသည် ဆိုသည့် သတင်းများ၊ လက်နက်ပုန်းများ သိုလှောင်ထားသည် ဆိုသည့် သတင်းများ ထွက်ပေါ်နေပြီး NLD ရုံးသို့ လာရောက် ပြောဆို တိုင်တန်းခြင်းများ မကြာခဏ ကြုံနေရကြောင်း ဦးထွန်းရင် က ဆိုသည်။

ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်မှ ၁၉၉၀ ပြည့်နှစ်တွင် လယ် တစ်ဧကလျှင် ၃၅၀၀ ကျပ်ဖြင့် သိမ်းယူခဲ့သည့် အဆိုပါ လယ်မြေများကို မူလပိုင်ရှင်များသို့ ၂၀၁၂ ခုနှစ်အထိ တစ်ဧကလျှင် စပါး ၁၁ တင်းနှုန်း သို့မဟုတ် ယင်း တန်ဖိုးနှင့် ညီမျှသည့် ငွေကြေးဖြင့် ပြန်လည် သီးစား ချထားပေးကြောင်း၊ ယခုအခါတွင် ယင်းမြေများအတွင်း နေထိုင်လျက်ရှိသည့် နေအိမ်များကို သြဂုတ်လ ၃၁ ရက်နေ့ နောက် ဆုံးထား ရွှေ့ပြောင်းပေးရန် အကြောင်းကြား ထားပြီး၊ ပုဒ်မ ၁၄၄ ကိုလည်း ထုတ်ပြန်ထားကြောင်း လယ်သမားများ အကျိုးဆောင် ကိုယ်တိုင် လယ်သိမ်းခံရသူ ဦးမြသိန်းက The Voice သို့ ပြောကြားသည်။

“ဒလမြို့ပေါ်မှာတော့ ဘာမှ မကြားပါဘူး။ ကျွန်တော်တို့လည်း ဒီလိုပဲ ညလုံးပေါက် အလုပ် လုပ်နေကြ တာပဲ၊ ဘာမှ မဖြစ်ပါဘူး” ဟု ဒလ သင်္ဘောဆိပ်နှင့် မြို့တွင်းသို့ အသွားအပြန် လုပ်နေသော အနှေးယာဉ် လုပ်သားတစ်ဦးက ပြောကြားသည်။

ပုဒ်မ ၁၄၄ သည် လိုအပ်ချက်ကြောင့်သာ ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း၊ ယင်းဧရိယာနှင့် ကင်းလွတ်သည့် နေရာများသို့ လွတ်လပ်စွာ သွားလာနိုင်ကြောင်း၊ လုံခြုံရေး အခြေအနေရ ပုဒ်မ ၁၄၄ ကာဖျူးမိန့်ကို အမြဲတမ်း ထုတ်ထားမည် ဖြစ်ကြောင်း ဒလမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက ဆိုသည်။

“တပ်မြေ၊ မကျူးကျော်ရဆိုတဲ့ ဆိုင်းဘုတ်တပ်ရုံနဲ့ မရပါဘူး။ ပြောပြလို့ မရတဲ့ ပြဿနာတွေ ရှိပါတယ်။ တွံတေးဘက်မှာလည်း ဒီလိုပဲ ထုတ်ထား တာပဲ။ တပ်ပိုင်မြေ ဆိုတာလည်း အဲဒီမှာရှိတဲ့ ရွာသူ၊ ရွာသားတွေ အားလုံး သိကြတာမို့ မှားပြီး သွားစရာ မရှိပါဘူး၊ ကောလာဟလတွေ ဆိုတာကတော့ ဆူဆူပူပူ လုပ်ချင်တဲ့သူတွေက ဖန်တီးတာပဲ ဖြစ်မှာပါ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
 The Voice 

0 comments:

Post a Comment