Tuesday, June 18, 2013

KNPP နှင့် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွင် တပ်မတော် ပါဝင်မည်

ဒုတိယအကြိမ်မြောက် ကရင်နီ ပြည်သူ့ တိုးတက်ရေးပါတီ (KNPP) နှင့် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွင် တပ်မတော်ဘက်မှ တိုင်းမှူး အဆင့်ပါ တက်ရောက် ဆွေးနွေးမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး စင်တာမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ကရင်နီ ပြည်သူ့တိုးတက်ရေး ပါတီနှင့်ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့သည် ပြည်တွင်းတွင်တစ်ကြိမ် တွေ့ဆုံ ခဲ့ပြီး ဇွန်လ ၁၉ ရက်နှင့် ၂၀ ရက်နေ့တို့တွင် လွိုင်ကော်မြို့တွင် တွေ့ဆုံခြင်း သည် ပြည်ထောင်စုအဆင့်နှင့် ဒုတိယအကြိမ် တွေ့ဆုံခြင်းဖြစ်ကာ နှစ်ကုန် တွင် ကျင်းပရန် ရည်မှန်းထားသည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး အတွက် လည်း အစပျိုး ဆွေးနွေးမည်ဟု ၎င်းက ဆိုသည်။

KNPP မှ ဆွေးနွေးမည့် ကိုယ်စားလှယ်များ နယ်စပ်မှ ထွက်လာနေဆဲဖြစ်ပြီး အစိုးဘက်မှ တပ်ဘက်ဆိုင်ရာများ ပါဝင်မည်ဖြစ်၍ KNPP ဘက်မှလည်း စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဗီတူး ပါဝင်မည်ဖြစ်ကြောင်း၊ ယခင် တင်ပြသည့် အချက် ၂၀ အနက် ၁၄ ချက် သဘောတူညီထား၍ ကျန်ခြောက်ချက် အပါအဝင် ကျန်ရှိနေသည့် နိုင်ငံရေး ပြဿနာများကို ဆက်လက်ဆွေးနွေး မည် ဖြစ်ကြောင်း၊ လောလောဆယ် နယ်စပ်ရှိ ဒုက္ခသည်များကို အပစ်အခတ် ရပ်စဲရေး အာမခံချက်ရှိမှ ပြန်လာနိုင်မည်ဟု စစ်ရေးချုပ် ဗိုလ်မှူးဘုန်းနိုင် က ပြောကြားသည်။

လွိုင်ကော်မြို့ ဘီလူးချောင်း တံတားတွင် အစိုးနှင့် KNPP ပြည်ထောင်စု အဆင့် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲဟု စာများ ချိတ်ဆွဲကြေညာ ထားကြောင်း လွိုင်ကော် မြို့ခံတစ်ဦးက ပြောကြားသည်။

အပစ်အခတ် ရပ်စဲရေးသည် စစ်မှန်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန် လက်နက်ကိုင် အဖွဲ့အစည်းများအတွက် ပြည်တွင်း သွားလာရေး လွယ်ကူစေသော်လည်း နယ်စပ်ရှိ ဒုက္ခသည်များ နေရာဟောင်းသို့ ပြန်လည်
အခြေချ နေထိုင်ရန်မူ အဆင်သင့် မဖြစ်သေးဟု ကရင်နီ ဒုက္ခသည် ပင်မကော်မတီက သတင်း ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင်အတွင်းက အမှတ် (၁) နှင့် အမှတ် (၂) ဒုက္ခသည် စခန်းများတွင် ဒုက္ခသည် ဦးရေ ၁၆,၃၈၇ ဦးရှိနေပြီး ပြည်တွင်း တွင်လည်း IDP များလည်း ရှိသေးသည်ဟု ထပ်လောင်း သတင်းထုတ်ပြန် ထားသည်။

၂၀၁၂ ခုနှစ် မတ်လ ၇ ရက်တွင် အစိုးရနှင့် KNPP အကြား ပြည်နယ် အဆင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးခဲ့ကာ ဇွန်လ ၉ ရက်နေ့တွင် ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးပွဲတွင်မှ တင်ပြထားသည့် အချက် ၂၀ ထဲမှ ၁၄ ချက်ကို နှစ်ဖက် သဘောတူညီချက် ရရှိထားသည်။

The Voice Weekly

0 comments:

Post a Comment