Monday, June 17, 2013

ကျွန်မတို့နှင့် Facebook


ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို အရမ်းချစ်ပါ တယ်ဆိုတဲ့ မြန်မာလူမျိုး တွေကို ကျွန်မစေတနာနဲ့ အကောင်းဆုံး အကြံပေးချင်တာကတော့ လက်တွေ့ဘာမှမလုပ်ဘဲ Facebook ပေါ်ကနေသူများတွေကို ဝေဖန်ပုတ်ခတ် မြှောက်ထိုး ပင့်ကော် သွေးထိုးတာတွေ လုပ်နေကြမယ့်အစား အခုမိုးရာသီမှာ နိုင်သလောက် သစ်ပင်လေး တွေ စိုက်ပေးကြပါလားလို့။ နိုင်ငံနဲ့ လူမျိုးအတွက် လက်တွေ့အကျိုးရှိမယ့်ကိစ္စပါနော်။ သူများကို အပြစ် ပြောချင်တဲ့ စိတ်တွေရောသူများကို မုန်းတီးနေ တာတွေရောလျော့ သွားမှာလည်း အသေအချာပါ။

မေလ ၅ ရက်နေ့က နာရေးကူညီမှုအသင်းမှာ လုပ်တဲ့ ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်း အမှတ်ဟောပြောပွဲမှာ အိပ်မက်သေးသေး မက်ရအောင်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆရာအော်ပီကျယ် ဟောပြော သွားတဲ့အထဲမှာ လွန်ခဲ့တဲ့ ၄၊ ၅နှစ်က ဆရာတက်ခဲ့ဖူးတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အလုပ်ရုံဆွေးနွေးပွဲတစ်ခုမှာ တခြား လူကြီးတွေရော၊နိုင်ငံခြားသားတွေရော က မြန်မာပြည်မှာ မသုံး သေးတဲ့ မြင်တောင် မမြင်ဖူးသေးတဲ့ လျှပ်စစ်ဓာတ် အားထုတ်လေဒလက်ကြီးတွေအကြောင်း ဆွေးနွေး နေစဉ် မှာ အသက် ၂ဝ သာ သာရှိသေးတဲ့ မြန်မာလူငယ်ကလေးတစ်ဦးက သူကတော့သဘာဝ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးအနေနဲ့ သူစားပြီးသမျှသရက်သီးအစေ့တွေကို အိုးကလေးနဲ့ ပျိုးပြီး ကြုံရာ ရောက်ရာ ကျောင်းတွေမှာ၊ ဘုန်းကြီးကျောင်းတွေမှာ စိုက်ပါတယ်။ ပြီးရင် အဲဒီမှာရှိတဲ့ တာဝန်ယူနိုင် သူတွေကို အပင်လေးတွေ သေမသွားအောင် စောင့်ရှောက်ဖို့ အပ်နှံပါတယ်။ စောင့်ရှောက်ခအဖြစ် ရောက် တိုင်း အပင်လေးတွေကိုသွားကြည့်ပြီး ကျပ် ၂ဝဝဝ ၃ဝဝဝ ပေးပါတယ်တဲ့။

ဒီလူငယ်ကလေးရဲ့ အိပ်မက်သေးသေးလေးဟာ လူတိုင်းမက်နိုင်တဲ့ မက်သင့်တဲ့ အိပ်မက်ကလေးပါ။ ကျွန်မပြော ချင်တာက Facebook ကို အဆိုးမြင်လို့၊ Facebook ကို မသုံးဖို့ မဟုတ်ပါဘူး။ Facebook ဟာ လည်း ခေတ်ရေစီးကြောင်းနဲ့ အတူမျောပါလာတဲ့ ကျွန်မတို့ရှောင်လို့မရတဲ့ လောကဓံ ဝိပါကဝဋ်တွေထဲက တစ်ခုပါဘဲ။ ကျွန်မတို့လို ပုထုဇဉ်တွေအနေနဲ့ကလည်း ဝိပါကဝဋ်ကို အမှီပြုပြီးဖြစ် လာမယ့် ကိလေ သဝဋ်၊ ကမ္မဝဋ်တွေကိုလည်း မဖြတ်တတ်၊ မဖြတ်နိုင်ကြသေးတော့ အရေးအကြီးဆုံးက အကုသိုလ် စိတ်တွေနဲ့ အကုသိုလ် အပြောတွေ၊ အကုသိုလ်အလုပ်တွေ မတွေးမိ၊ မပြောမိ၊ မလုပ်မိကြဖို့ ကိုယ့်ကိုယ် ကိုယ် သတိနဲ့ပြန်စောင့်ရှောက်နေဖို့ပါပဲ။

အဲဒီလိုကိုယ့်ကိုယ်ကိုယ် သတိနဲ့ပြန်စောင့်ရှောက်နေခြင်းဟာ အရှိပရမတ္ထသဘောတရားတွေကို မရှုမြင် တတ်သေးတဲ့သူအတွက်တော့ ဝိပဿနာသတိပဌာန်ရဲ့ အခြေခံသင်ခန်းစာလေးကို လက်တွေ့ စတင်လုပ်ကိုင်ဖြစ်နေတာပါ။ ပုထုဇဉ်စိတ်ဆိုတာ ရဟန္တာစိတ်တွေလို ကုသိုလ်လည်းမမြောက်၊ အကုသိုလ် လည်း မမြောက်တော့တဲ့ ကြိယာစိတ်ဖြစ်နိုင်သေးတာမဟုတ်တော့၊ ကုသိုလ်စိတ် မမွေးနိုင်ရင် အကုသိုလ် စိတ်က အလို အလျောက်ဖြစ် ပြီးသားပဲ။ ဘာကိုမှသတိမထားဘဲ သတိလက်လွတ်နေနေတာကို က အကုသိုလ်မောဟထဲကျနေပြန်ရော တဲ့လေ။ ကျွန်မတို့လေ ကျွန်မတို့လူမျိုးနဲ့ ကျွန်မတို့နိုင်ငံအပေါ်မှာ ဘယ်လောက် ကောင်းစေချင်တဲ့ စေတနာထားတယ်ဆိုတာ ကျွန်မတို့ရဲ့လုပ်ရပ်တွေက သက်သေပြနေ ပါတယ်။

အခုလည်း စေတနာစကားပါ။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးမှန်ရင် ကံကံ၏အကျိုးကိုယုံရင် ကိုယ်လုပ်တဲ့ အကုသိုလ်ဟာ အဦးဆုံးကိုယ်ပဲပြန်ခံရမှာကိုတော့ နားလည်မှာပါ။ ပြီးရင် ကိုယ်လုပ်လိုက်တဲ့ အကုသိုလ် ဝိပါကဝဋ်ကို ဝိပါကဝဋ်သက်သက်ရယ်လို့နားမလည်နိုင် လက်မခံလိုက်နိုင်လို့ အကုသိုလ် ကိလေသဝဋ် (အကုသိုလ်စိတ်)၊ အကုသိုလ်ကမ္မဝဋ် (အကုသိုလ် အပြော၊ အကုသိုလ်အလုပ်)တွေနဲ့တုံ့ ပြန်မိတဲ့ သူတွေမှာ လည်း အကုသိုလ်ကံ သတ္တိတွေစုမိသွားပါပြီ။ ဒီလိုနဲ့ပဲ ကျွန်မတို့ မြန်မာလူမျိုးတွေဟာ ကံဆိုးတဲ့လူမျိုး၊ ကံညံ့တဲ့လူမျိုး၊ ကံမကောင်းတဲ့ လူမျိုးဘဝက မတက်လှမ်းနိုင် ဖြစ်နေကြ ရပါဦးမယ်။

ဗုဒ္ဓမြတ်စွာ ဘုရားကအတ္တဟိ အတ္တနောနာထော – သူတစ်ပါးကို အားကိုးလို့ မရပါဘူး၊ ကိုယ့်ကိုယ်ပဲ အားကိုးပါလို့ ဆိုဆုံးမခဲ့ပါတယ်။ ကျွန်မတို့လည်း မြတ်စွာ ဘုရားရဲ့ အဆုံးအမအတိုင်း သူတစ် ပါးကို မကျေ မနပ်နဲ့ ဝေဖန်ပုတ်ခတ် ပြောဆိုနေကြမယ့်အစား သူတစ်ပါးကို အားမလိုအားမရနဲ့ မြှောက်ထိုး ပင့်ကော် သွေးထိုးလှုံ့ဆော်နေကြမယ့်အစား ကိုယ့်ကိုယ်ကိုယ် သတိလေးဦးဆောင်ပြီး ကိုယ်လုပ်နိုင်တဲ့ အတိုင်း အတာလေးထဲကနေ တိုင်းပြည်နဲ့လူမျိုးအတွက်၊ ဖြစ်နိုင်ရင်တော့ ကမ္ဘာကြီးနဲ့ သတ္တဝါတွေအတွက် အကောင်း ဆုံးလေးတွေ ရွေးပြီး စည်းစည်းလုံးလုံးတက်ညီလက်ညီ ဖြည့်ဆည်းသွားကြပါစို့လား။ ဒါဆိုရင် ကမ္ဘာ မှာမြန်မာဟာအဆင့်အတန်းမြင့်တဲ့ လူမျိုးအဖြစ်ခေါင်းမော့ လာနိုင်မှာပါ။ ဇွဲရှိပြီး စိတ်တော့ရှည် ရမှာပေါ့။ တန်ဖိုးကြီးတဲ့အရာ တိုင်းဟာ လွယ်လွယ်တော့ မရနိုင်ပါဘူး။ 

ရွှေဇီးကွက်
Popular News 




0 comments:

Post a Comment