Monday, June 3, 2013

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ သတင်းထုတ်ပြန်ကြေညာချက်

အသင်းချုပ်၏ အလုပ်အမှုဆောင်အဖွဲ့နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲကျင်းပမည်
ရန်ကုန်၊ ဇွန်လ ၂ရက် ၂၀၁၃

ယနေ့ ကျင်းပသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၏ အလုပ်အမှုဆောင် / ဗဟိုအလုပ်အမှုဆောင် အထူးအစည်းအဝေး ဆုံးဖြတ်ချက်အရ ၂၀၁၃-၂၀၁၆ခုနှစ် အမှုဆောင်သက်တမ်းအတွက် အလုပ်အမှုဆောင်အဖွဲ့နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အသစ်များကို သင်းဖွဲ့စည်းမျဉ်းပါ စည်းမျဉ်းစည်းကမ်းများနှင့် အညီ ၂၀၁၃ခုနှစ် ဇွန်လ ၁၅ရက် (စနေနေ့) နံနက် ၈း၀၀နာရီတွင် ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ်ရုံး၌ ရွေးချယ်တင်မြှောက်ပွဲ ကျင်းပ၍ ရွေးချယ်သွားမည် ဖြစ်ပါသည်။

ရွေးချယ်တင်မြှောက်ပွဲ အဆင်ပြေချောမွေ့စေရေးအတွက် ပြင်ပမှ ပုဂ္ဂိုလ်များ ပါဝင်ထားသည့် လွတ်လပ်သော ရွေးကောက်ပွဲကော်မရှင်တစ်ရပ်၊ အလုပ်အမှုဆောင်များပါဝင်သည့် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၊ ထောက်ကူပံ့ပိုးရေးလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းထားပြီး ရွေးချယ်တင်မြှောက်ပွဲအကြိုလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက် အကောင်အထည်ဖော်လျက် ရှိပါသည်။

ကုန်သည်စက်မှုအသင်းချုပ်တွင် အလုပ်အမှုဆောင်အဖြစ် ညီနောင်အသင်းများမှ စေလွှတ်သူများနှင့် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ရွေးချယ်ခံသူများဟူ၍ နှစ်မျိုး သတ်မှတ်ထားပြီး ၁၀-၆-၂၀၁၃ (တနင်္လာနေ့) ညနေ ၄း၀၀ နာရီ နောက်ဆုံးထား၍ ဆန္ဒပြုလွှာများ ပေးပို့ရန် ကုန်သည်စက်မှုအသင်းချုပ်မှ နှိုးဆော်ထားပါသည်။

ကုန်သည်စက်မှုအသင်းချုပ်သို့ ညီနောင်အသင်း အသီးသီးမှ စေလွှတ်သော ဥက္ကဋ္ဌ (သို့မဟုတ်) ကိုယ်စားလှယ် တစ်ဦးစီသည် တာဝန်အလျောက် ကုန်သည်စက်မှုအသင်းချုပ်၏ အလုပ်အမှုဆောင်အဖြစ် ပါဝင်ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ညီနောင်အသင်းများသည် ကုန်သည်စက်မှုအသင်းချုပ်၏ သင်းဖွဲ့စည်းမျဉ်း အပိုဒ် ၆(က)နှင့် (ခ)အရ သက်ဆိုင်ရာ ဝန်ကြီးဌာနတွင် တရားဝင်မှတ်ပုံတင်ပြီးဖြစ်ရန် လိုအပ်သည့်အပြင် အချိန်မှီ သက်တမ်းတိုးပြီး ဖြစ်ရန်လည်း လိုအပ်မည် ဖြစ်ပါသည်။

တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက် ရွေးချယ်ခံလိုပါက လက်ရှိအလုပ်အမှုဆောင်/ဗဟို အလုပ်အမှုဆောင်များနှင့် ပြင်ပမှ ပုဂ္ဂိုလ်များသည် အသင်းချုပ်၏ အလုပ်အမှုဆောင်အဖွဲ့တွင် ပါဝင်ဆောင်ရွက်လိုကြောင်း တစ်ဦးချင်းကိုယ်တိုင် ဆန္ဒပြုနိုင်ပြီး ထိုဆန္ဒပြုသူများအနက်မှ သင့်တော်ရာပုဂ္ဂိုလ်များကို အသင်းသားများက လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်တင်မြှောက်သွားမည် ဖြစ်ပါသည်။

ကုန်သည်စက်မှုအသင်းချုပ်၏ အလုပ်အမှုဆောင်ဖြစ်ရန် လိုအပ်သည့် အရည်အချင်းများမှာ ကုန်သည်စက်မှုအသင်းချုပ်တွင် အသင်းဝင်သက်တမ်း တစ်နှစ်ရှိ၍ နှစ်စဉ်ကြေးများကို ကြေလည်စွာ ပေးသွင်းပြီး ဖြစ်သည့်အပြင် သင်းဖွဲ့စည်းမျဉ်းပါ အရည်အချင်း သတ်မှတ်ချက်များနှင့် ညီညွတ်သော အသင်းသားများ ဖြစ်ရမည် ဖြစ်သည်။

ရွေးချယ်တင်မြှောက်ပွဲသို့ အသင်းသားများမှ ပထမဆုံးအကြိမ်အဖြစ် တက်ရောက်ဆန္ဒမဲပေးခွင့်ရှိမည် ဖြစ်ရာ ဆန္ဒမဲပေးခွင့်ရှိသူများကို ကြိုတင်စိစစ်ပြီး ဆန္ဒမဲပေးခွင့် ကဒ်ပြားထုတ်ပေးမည် ဖြစ်ပါသဖြင့် သင်းဖွဲ့စည်းမျဉ်းပါ စည်းမျဉ်းစည်းကမ်းများအတိုင်း ဆန္ဒမဲပေးခွင့်ရှိသူများကိုယ်တိုင် ဖြစ်စေ၊ ကိုယ်စားလှယ်စေလွှတ်၍ဖြစ်စေ ဆန္ဒမဲပေးခွင့်ကဒ်ပြားကို ကုန်သည်စက်မှု အသင်းချုပ်ရုံး မြေညီထပ်တွင် ၆-၆-၂၀၁၃ မှ ၁၀-၆-၂၀၁၃ ရက်အထိ နံနက် ၉း၃၀မှ ညနေ ၄း၀၀ အတွင်း လာရောက်ထုတ်ယူနိုင်ပါသည်။

အသေးစိတ်ကို ဆက်လက်သိရှိလိုပါက ကုန်သည်စက်မှုအသင်းချုပ်၏ အတွင်းရေးမှူးအဖွဲ့သို့ စုံစမ်းမေးမြန်းနိုင်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်က ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ကြေညာ လိုက်ပါသည်။

TSN

0 comments:

Post a Comment