1-6-2013
စစ်တွေမြို့ရှိ ရခိုင်ဒုက္ခသည်များအား ယာယီကယ်ဆယ်ရေး စခန်းမှ လုံးချင်းအိမ်များသို့ မကြာမီ ပြောင်းရွှေ့နေရာ ချထားပေးသွားမည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။
ရခိုင်ဒုက္ခသည်များ အတွက် ယာယီနေထိုင်ရန် လူနေအိမ် ၆၆၉ လုံးကို ဆတ်ရိုးကျချောင်း တစ်ဖက်ကမ်းတွင် ဆောက်လုပ်လျက်ရှိရာ မကြာခင် ရက်ပိုင်းအတွင်း ပြီးတော့မည် ဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။
ထိုအိမ်များတွင် ရွာကြီးမြောက်၊ မင်းဂံ၊ ဘောလုံးကွင်း၊ ရဲနွယ်စု၊ စက်ရုံစု အစရှိသော ဒုက္ခသည်စခန်း (တဲကြီး) များ၌ နေထိုင်သူများကိုသာ ပြောင်းရွှေ့နေရာ ချသွားမည်ဖြစ်ကြောင်း၊ သို့သော်လည်း ပဋိပက္ခ ဖြစ်စဉ်ကာလ အတွင်းက အမှန်တကယ် အိမ်မီးလောင်ကျွမ်းခဲ့သော နေအိမ်များနှင့် ဖျက်ဆီးခံရသော နေအိမ်များကိုသာ ဦးစားပေးပြီး တစ်အိမ်တည်း အိမ်ထောင်ခွဲ၊ အဖီချ နေထိုင်သူနှင့် အိမ်ငှားများကိုမူ အခြေအနေအရ ထည့်သွင်းစဉ်းစား သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ဇွန်လထဲမှာ ဆောက်လုပ်မှုတွေ ပြီးအောင်လုပ်ပြီး ဆောက်လုပ်ရေးလုပ်ငန်း လုပ်နေသူက ပြန်အပ်ရမယ်။ ဒုက္ခသည်အားလုံးကို နေအိမ်ပေါ်ရောက်အောင် တင်ပေးသွားမယ်...
ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ''ဇွန်လထဲမှာ ဆောက်လုပ်မှုတွေ ပြီးအောင်လုပ်ပြီး ဆောက်လုပ်ရေးလုပ်ငန်း လုပ်နေသူက ပြန်အပ်ရမယ်။ ဒုက္ခသည်အားလုံးကို နေအိမ်ပေါ်ရောက်အောင် တင်ပေးသွားမယ်။ တဲတွေကလည်း ပြီးတော့မယ်၊ အိမ်တွေကလည်း ပြီးတော့မယ်။ အခုလောလောဆယ် ကယ်ဆယ်ရေးစခန်းမှာ နေသူတွေကို နေအိမ်ပေါ် တင်ပေးသွားမှာ ဖြစ်ပါတယ်'' ဟု ပြောကြားသည်။
စစ်တွေမြို့ရှိ ဘင်္ဂါလီဒုက္ခသည်များ အတွက် မိသားစုရှစ်စု နေထိုင်နိုင်သော တဲကြီးပေါင်း ၇၉၄ လုံး လျာထားသည့်အနက် ၇၁၅ လုံး ပြီးစီးနေပြီ ဖြစ်ကြောင်းလည်း သိရသည်။ ကျန်တဲများကိုလည်း အပြီးတည်ဆောက်လျက် ရှိကြောင်း သိရသည်။
ပဋိပက္ခကြောင့် စစ်တွေရှိ ကယ်ဆယ်ရေးစခန်းတစ်ခုတွင် လာရောက်ခိုလှုံနေသော ရခိုင်တိုင်းရင်းသားများအား တွေ့ရစဉ် (ဓာတ်ပုံ - ၀င်းမြင့်ကျော်)
Eleven Media Group

0 comments:
Post a Comment