လူအများစုသည် နာရေး ကိစ္စများကို အယူသီး ကြသည်။ နာရေးကြောင့် စီးပွားပျက်တယ်၊ လူထပ်သေ တတ်တယ်၊ ထိခိုက် နစ်နာမယ်၊ ပျက်စီး ဆုံးရှုံးတတ်၊ နိမိတ် မကောင်းမှုတွေ ဖြစ်တတ်တယ် ဟူ၍ ရှေးဘိုးဘေး ဘီဘင် လက်ထက် ကတည်းက အယူသီးမှုများ၊ အရိုးစွဲမှုများ၊ အမှားစွဲမှုများ ရှင်သန်လာခဲ့ကြသည်။
လူတော်တော် များများသည် အဆင်း၊ အနံ့၊ အသံ၊ အရသာ၊ အထိအတွေ့ ဟူသော အာရုံ ငါးပါးထဲတွင် နစ်မွန်း နေကြသည်။ မိမိကိုယ် မိမိတို့ (သုဘ) မင်္ဂလာဟု သတ်မှတ် နေကြသည်။
အမှန်မှာ . . .အသက် ရှင်သူ၊ သေသူတို့ အားလုံးသည် (အသုဘများ)အမင်္ဂလာများပင် ဖြစ်သည်။
ဒွါဒ ခြောက်ပါးမှ အနံ့အသက် မျိုးစုံ ထွက်နေသည်။ ရုပ်တရား၊ နာမ်တရား အားလုံးသည် အသုဘချည်းပင် ဖြစ်သည်။ မည်သည့် အရာမှ တည်မြဲမှုကို မဆောင်နိုင်ချေ။
မြတ်စွာ ဘုရားသည် လူမသာကို အိမ်ထဲသို့၊ ရပ်ကွက်ထဲသို့ သွင်းလျှင် ‘ခိုက်သည်’ ဟူ၍ မဟောကြားခဲ့ပါ။
ရပ်ကွက်၊ အိမ်ပြင်ပတွင် ဆုံးသွားပါက(ရပ်ကွက်) အိမ်ထဲသို့ အသွင်းမခံကြ၊ သွင်းလျှင် ရွာနာတယ်၊ ရပ်ကွက်နာတယ်၊ အိမ်သူ အိမ်သားတွေ ခိုက်တယ်ဟူ၍ မည်သည့် ကျမ်းဂန်တွင်မှ မပါရှိပါ။ သို့သော် အားလုံးနီးပါး ထိုအယူသီးမှုများက လွှမ်းခြုံနေမှုကို ခံနေရသည်။
( လူမသာကြတော့ ရပ်ကွက်ထဲ၊ အိမ်ထဲ မသွင်းကောင်းဘူးတဲ့ . . .။ အဲဒါဆိုလျှင် တိရစ္ဆာန် မသာများ ကြတော့ ဘာဖြစ်လို့ အိမ်ထဲ သွင်းနေကြ တာလည်း။ သက်ရှိ လောကကြီးထဲတွင် လူသာလျှင်၊ အမြတ်ဆုံး ဖြစ်သည်လို့ ပြောကြပြီး ........ ကြက်၊ဝက်၊ငါး၊အမဲသား. . . ဈေးမှ ဝယ်လာကာ နေအိမ်ထဲသို့ တိရစ္ဆာန် အသေ မသာများကို ထည့် . . . ခုတ်ထစ် ဆေးကြော၊ ကြော်လှော်၊ ချက်ပြုတ်ကာ မိမိတို့ရဲ့ ပါးစပ်ထဲသို့ တိရစ္ဆာန် မသာများကို ထည့်တာ ကြတော့ရော် . . . ။ အသား၊အဆီ၊အကြော၊အရွပ်၊ဦးနှောက်၊အပြင် (ကြက်/ဝက်)သွေးခဲ လည်းချက်စားသည်။ ဝက်ခေါက်ကြော်၊ (အမဲ)သရေပွကြော်၊ ကြက်အရေခွံသုတ်စသည့် တိရစ္ဆာန်အရေပြားလည်း အလွတ်မပေး။ ကမ္ဘာတွင်နိုင်ငံ အတော်များများ မစားသည့် (အူ၊အချင်း၊အမြစ်၊အသည်း၊အဆုတ်၊နှလုံး)အတွင်းကလီစာ လည်းမြန်မာတွေ တော်တော်များများစားကြသည်။ နောက်ဆုံး အရိုးများကိုတောင် ကိုက်လိုက်၊စုပ်လိုက် လုပ်ကြသေးသည်။
ဒါကြောင့် . . . လူ့ဝမ်းဗိုက်သည် တိရစ္ဆာန်တို့၏ သချိုင်း လူ့ပါးစပ်သည် တိရစ္ဆာန်တို့၏ မီးသဂြိင်္ုလ် စက်ပင် ဖြစ်တော့သည်။
သားသတ်သမားကြောင့်အစိမ်းသေ….. သေတဲ့တိရစ္ဆာန် မသာကျတော့ မိမိတို့ ဝမ်းဗိုက်ထဲသို့ ထည့်ပြီး အပြင်မှာ ရိုးရိုးပဲသေသေ၊ရှယ်ပဲသေသေ…..သေလာတဲ့ လူမသာကျတော့ အိမ်ထဲ (ရပ်ကွက်) ထဲသို့အသွင်းမခံမှု တို့သည် အဆိုးဝါး ဆုံးသော အယူသီးမှု၊ မိစ္ဆာဒိဋ္ဌိ အယူဝါဒမှ ဆင်းသက်လာမှုပင် ဖြစ်တော့သည်။
တစ်ဖန် လူသေသွားလျှင် အိမ်နောက်ဖေးမှာ တံစက်မြိတ်ရေ လက်ပြန်ရေနှင့် ရေချိုးပေး၊ အဝတ် အစားဝတ်၊ သနပ်ခါးလိမ်း၊ ဆံပင်ထုံးပေး၊ နှုတ်ခမ်းနီဆိုးပေး၊ ပန်းပန်ပေးနှင့် သေသွားမှ ကြင်နာပြ၊ ဂရုစိုက် ပြနေတော့သည်။ အလောင်း လှအောင် လုပ်တာတဲ့။ ပြုံးပြုံးလေးသေမှ အလောင်းလှတာတဲ့။ ချည်ကြိုးဖြစ်ကျန်ရစ်သူမိသားစုရဲ့ အရပ်အမြင့်တိုင်ပြီး သေသူရဲ့လက်ထဲထည့် ဘာတွေမှန်းမသိ နောက်မှ ခေါင်းက ဆံပင်ကိုဖြတ်၊ ခြေထောက် နှစ်ချောင်းကို တုပ်တော့သည်။ မသာ လမ်းထ မလျှောက်အောင်တဲ့ဗျာ . . . ။ သေတာတောင် အချုပ်အနှောင်ခံရတဲ့ဘဝ။
ထို့နောက် သေသူနှင့် ပါးစပ်ထဲ မတ်စေ့ထည့် ‘ကူးတို့ခ’ ဟုဆိုကြပြန်သည်။ အသက်မရှိသော ခန္ဓာနှင့် ဘယ်ကားကို တစ်မတ်ပေးစီး၍ ဘယ်ကိုသွားမည်နည်း။ ကားရှိတယ်ဆိုရင်တောင် တစ်မတ်စေ့ ခေတ်မဟုတ်တော့ဘူး။ ငွေကြေးဆိုတာကလည်း (၃၁)ဘုံလုံးမှာ လူ့ဘုံတစ်ခုတည်းသုံးတာ။ အဲဒီ ကူးတို့ခ ကို ဘယ်ဘုံက ဘယ်သူရတာလည်း။ တစ်ချို့က ပါးစပ်ထဲ ထည့်ထားသည့် မတ်စေ့ကို အတင်းပြန်နှိုက်သည်၊ Lucky ကောင်းတယ် တယ်တဲ့။
အလောင်းကို အိမ်ကထုတ်တော့ . . . ခြေကမထုတ်ရဘူး၊ ခေါင်းကမထုတ်ရဘူး၊ တံခါးဘောင်နဲ့ မထိရဘူး၊ အိမ်နံရံကို မထိရဘူး၊ စသဖြင့် ‘ဘူး’ များ ပဲ့တင်ထပ်နေတော့သည်။ နောက်ထပ် ကြေးစည်ထု၊ (မဏ္ဍပ်အမိုးစ- စတိလန်)ကနားဖျင်းဖျက်ခြင်း လုပ်ရသည်။ မလုပ်ရင် အဲဒီအိမ်ကပဲ နောက်တစ်ယောက် အမြန်ထပ်သေမည်တဲ့။
နောက်နိဗ္ဗာန်ယာဉ်ပေါ်သို့ အလောင်းတင်သော် ရေအိုး ကို ခွဲ၊ တံမြတ်စည်းနဲ့လှဲထုပ်တော့သည်။ မင်းနဲ့ငါတို့ အိုးစားကွဲပြီ၊ အိမ်ပြန်မလာနဲ့ ဟုပြောဆိုသည်။ သုဿန်ရောက်သော် အခေါင်းထဲမှ ပန်းတစ်ပွင့်ကိုယူ၍ ယူသည့်လူက စကားမည်သူ့ကိုမျှမပြောတော့ပဲအိမ်ပြန်သယ်လာ သေသူရဲ့ လိပ်ပြာကို ပြန်ခေါ်တာတဲ့။ ခဏကပဲအိုးစားကွဲ လိုက်ကြ၊အခုကြတော့ ပြန်ခေါ် လိုက်ကြ၊ ခြေထောက်ကို တုပ်နှောင် လိုက်ကြ၊ နဲ့ရှုပ်ရှက်ကိုခတ်နေသည် ဘာတွေမှန်းကိုမသိ ထိုသူများကို စိတ်ရောဂါ အထူးကုဆေးရုံသို့ပင် ပို့ရမလို ဖြစ်တော့သည်။
သေဆုံးသူ၏ ပတန်၊လုံချည်၊ အကျီ၊ ခြင်ထောင်၊ မွေ့ယာများကို ခိုက်မှာစိုး၍ ခန်းစီးစများ ချုပ်၍ ဘုန်းကြီးကျောင်း ကိုပို့ကြသည်။ ကုသိုလ်ရအောင် ဘုန်းကြီးကျောင်းတွင် ချိတ်ခိုင်း ဆွဲခိုင်းတော့သည်။ ဒါဆို ဘုန်းကြီးတွေ ကျတော့ ခိုက်စေဆိုတဲ့သဘော မဖြစ်နေဘူးလား . . . ? သေဆုံးသွားသူ၏ လက်ဝတ် လက်စား၊ ဆွဲကြိုး၊ လက်စွပ်များ ကြတော့ ခိုက်မှာ စိုး၍ ဘုန်းကြီးကျောင်းကို မလှူကြတော့ ဘူးလား၊ ဘယ်ရောက် ကုန်ပါလိမ့် . . . ?
နာရေးယာဉ် (နိဗ္ဗာန်ယာဉ်) ကိုလည်း ရပ်ကွက်ထဲဝင်လျှင် ဟိုဖက်ကဝင်၊ ဒီဖက်က မဝင်ရဘူး စသဖြင့် တားမြစ် သူတွေ၊ မိမိအိမ်ရှေ့တွင် နိဗ္ဗာန်ယာဉ်ကားခေါင်း လာလှည့်တာကို မလိုချင်၊ နိဗ္ဗာန်ယာဉ်မောင်းသည့် ယာဉ်မောင်း များလည်း ယခင်ကမကြာခဏ စကားများရ တချို့ဆိုလက်သီးနှင့် အထိုး ခံရမှုများ ရှိခဲ့သည်။ နိဗ္ဗာန်ယာဉ် အဝင်ကောင်းလို့၊ ကားခေါင်းလှည့်မိလို့ အချို့လမ်းထိပ်တွေ၊ အချို့အိမ်တွေ ကန်တော့ပွဲ ထိုးပေးပြီးတောင်းပန် ခဲ့ရသည်လည်း ရှိသည်။ ဒီလမ်းက နိဗ္ဗာန်ယာဉ်မဝင်ရ၊ မသွားရတဲ့လမ်း စသဖြင့် တားမြစ် နယ်မြေများလည်း ရှိခဲ့သည်။ နယ်မြို့များတွင် ရှိနေဆဲပင် . . . ။
ဒါဆိုရင် အဲဒီ့လမ်းကလူတွေက မသေတော့မဲ့ သူတွေများလား . . . ?။ သေခဲ့သည် ရှိသော် မိမိအိမ်မှ မသာကို လမ်းထိပ်သို့ မိမိတို့ ကိုယ်တိုင်သယ်ပို့ပြီး ‘မ’ချမှာလား . . . ? ။ နောက် . ..
နိုင်ငံရပ်ခြားတွင် သေဆုံး၍ သေဆုံးသူ၏ ခန္ဓာကိုယ်အား မြန်မာပြည်တွင် သဂြိင်္ုလ်ချင်၍ ပြန်သယ် လာသော အလောင်းများသည် လေယာဉ်ဖြင့် သယ်ဆောင် လာရခြင်း ဖြစ်သည်။ ထို့ကြောင့် လမ်းထဲ မဝင်ရဘူး၊ ဟိုဘက်က မထွက်ရဘူး၊ ဒီဘက်က မဝင်ရဘူး၊ အိမ်ရှေ့ကားမကွေ့ရဘူး စသဖြင့် ပြောနေသူများ စဉ်းစားကြည့် စေချင်သည်။ မိမိတို့ ဦးခေါင်းအပေါ်၊ မိမိတို့၏ နေအိမ်အပေါ်မှ နေ့စဉ်အလောင်း ပါတဲ့ ပြည်တွင်းပြည်ပ လေယာဉ်ပျံများ ပျံသန်းဖြတ်သွား နေတာကိုကြတော့ရော။
နိဗ္ဗာန်ယာဉ်ဝင်တာကိုတော့ မကြိုက်ကြ၊ နိဗ္ဗာန်ယာဉ်ကို မြင်ကြလျှင်တော့ မိမိတို့၏ ပိုက်ဆံအိတ်များကို ပုတ်ကြကာ လာဘ်ရွှင်လို့တဲ့ သေချာစဉ်းစားကြပါ . . . ။ ရှက်ဖို့ ကောင်းတယ်။
မိမိတို့၏ စိတ်ဓာတ်များ၊ ခံယူချက်များ၊ အယူသီးမှုများကို ပြန်လည်ပြုပြင်စေလိုပါသည်။
ရှင်းပြတော့လည်း သူတို့ပြောတဲ့ နောက်ဆုံးစကားက ရှေးလူကြီးတွေရဲ့ စကားကို မပယ်ကောင်းဘူးတဲ့။ အဲလိုဆို အခုလူတွေက ဘုရားဟောကျမ်းဂန်တွေထဲ မပါတဲ့ လွဲမှားတဲ့အယူအဆတွေလုပ် နောင်မျိုးဆက်ကို ယဉ်ကျေးမှုအမွေလို လက်ဆင့်ကမ်းသလိုဖြစ် နောင်မျိုးဆက်တွေကလည်း ဒီအတိုင်းလိုက်လုပ်နဲ့ သံသရာလည်နေ။
ကျွန်တော်တို့ မြန်မာလူမျိုးတွေ . . . အယူသီးပုံ၊ အစွဲကြီးပုံများ တလွဲ ဆံပင်ကောင်းမှုများပင် ဖြစ်သည်။ ဘာသာခြားများ၊ တိုင်းတစ်ပါးမှ နိုင်ငံခြားသားများသိလျှင် အတော့်ကို ရယ်စရာကြီးဖြစ်နေသည်။
သင်………အယူဝါဒတွေခဏဘေးဖယ်ပြီး ဘေးအမြင်ရိုးရိုးလေးကြည့်ရင် မြန်မာအသုဘဟာ ဝမ်းနည်းစရာမကောင်းပဲ တကယ်ရီရတဲ့ ဟာသဇာတ်လမ်းတို တစ်ခုဖြစ်နေတယ်။
သရဲခြင်း တူရင်တောင် တရုတ်သရဲက ခုန်ဆွခုန်ဆွ နဲ့ ဟာသ သရဲဖြစ်နေသလို
လူခြင်း တူရင်တောင် မြန်မာလူမျိုး အသုဘက ရှုပ်ရှပ်ခက်ပြီး ဟာသ အသုဘဖြစ်နေတယ်။
Saturday, May 4, 2013
အသုဘအလောင်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment