အာဖရိကတိုက်ရှိ လူသန်းပေါင်းများစွာ အတွက် စိုးရိမ်ရဆဲ အနေအထား၌
ရှိသော်လည်း ယခုနှစ်တွင် အလွန်အမင်း ဆင်းရဲမွဲတေမှုနှုန်းသည် ကမ္ဘာ့လူဦးရေ၏
၁၀ ရာခိုင်နှုန်း အောက်သို့ ပထမဆုံးအကြိမ်အဖြစ် ကျဆင်းမည်ဟု အောက်တိုဘာ ၎
ရက်တွင် ကမ္ဘာ့ဘဏ် အစီရင်ခံစာ တစ်ရပ်က ဆိုသည်။
“ဒါဟာ ဒီကနေ့ ကမ္ဘာအတွက် အကောင်းဆုံး သတင်းပါ။ ဒီတိုးတက်မှုက
ကျွန်တော်တို့ဟာ လူသားသမိုင်းမှာ အလွန်အကျွံ ဆင်းရဲမွဲတေမှုကို
အဆုံးသတ်နိုင်တဲ့ ပထမဆုံး မျိုးဆက်ဖြစ်ကြောင်း ပြသမှာ ဖြစ်ပါတယ်” ဟု
ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်ယောင်ကင်က ပြောကြားခဲ့သည်။ ကမ္ဘာ့ဘဏ်သည် အပြည်ပြည်ဆိုင်ရာ
ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့်အတူ ၎င်း၏ နှစ်ပတ်လည် အစည်းအဝေးများကို
အောက်တိုဘာ ၉ ရက်မှ ၁၁ ရက်အထိ လီမာမြို့၌ ကျင်းပမည်ဖြစ်သည်။
ကမ္ဘာ့ဘဏ်၏ ဖော်ပြချက်အရ ယခုနှစ်အတွင်း လူပေါင်း ၇၀၂ သန်းခန့် သို့မဟုတ်
ကမ္ဘာ့လူဦးရေ၏ ၉ ဒသမ ၆ ရာခိုင်နှုန်းသည်သာ ဆင်းရဲမွဲတေမှု သတ်မှတ်ချက်အောက်၌
ရှိလိမ့်မည်ဟု ဆိုသည်။ အဆိုပါ ဆင်းရဲမွဲတေသူ အများစုသည် ဆာဟာရအောက်ပိုင်း
အာဖရိကဒေသနှင့် အာရှတိုက်တို့မှ ဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် ဆင်းရဲမွဲတေသူ
အရေအတွက်သည် ၉၀၂ သန်း သို့မဟုတ် ကမ္ဘာ့လူဦးရေ၏ ၁၃ ရာခိုင်နှုန်းခန့်
ရှိခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် ကမ္ဘာ့လူဦးရေ၏ ၂၉ ရာခိုင်နှုန်း ရှိခဲ့သည်ဟု
ဆိုသည်။
ကင်၏ ပြောကြားချက်အရ အလွန်အမင်း ဆင်းရဲမွဲတေမှု ဆက်တိုက်ကျဆင်း
လာခြင်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စီးပွားရေး တစ်ဟုန်ထိုး
တိုးတက်လာခြင်းနှင့် ကျန်းမာရေးနှင့် ပညာရေးတို့၌
ရင်းနှီးမြှုပ်နှံခြင်းအပြင် လူသန်းပေါင်း များစွာကို ဆင်းရဲတွင်းသို့
ပြန်မကျအောင် ကာကွယ်ပေးသည့် လူမှုရေးလုံခြုံမှု ကွန်ရက်များကြောင့် ဖြစ်သည်ဟု
ဆိုသည်။
“ဆင်းရဲမွဲတေမှုနှုန်း ဂဏန်းတစ်လုံးတည်း ကျန်တဲ့အထိ ကျဆင်းမယ်ဆိုတဲ့
ခန့်မှန်းချက်အသစ်ဟာ ကျွန်တော်တို့ကို အရှိန်အဟုန် သစ်တစ်ရပ်ပေးပြီး
အလွန်အကျွံဆင်းရဲမွဲတေမှုကို အဆုံးသတ်ဖို့ အထိရောက်ဆုံး မဟာဗျူဟာတွေနဲ့
ပတ်သက်ပြီး ပိုလို့တောင် ရှင်းရှင်းလင်းလင်း အာရုံစိုက်နိုင်ဖို့ အထောက်အကူ
ပြုပါတယ်” ဟု ကင်က ပြောကြားခဲ့သည်။
Credit To >>> Eleven Media Group
Tuesday, October 6, 2015
အလွန်အမင်း ဆင်းရဲမွဲတေမှု ၁၀ ရာခိုင်နှုန်းအောက်သို့ ကျဆင်းမည်ဟု ကမ္ဘာ့ဘဏ် ပြောကြား
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment