Thursday, October 1, 2015

၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူအများ လက်ခံနိုင်သည့် ရလဒ်ဖြစ်စေရန် အရေးကြီးကြောင်း ကုလသမဂ္ဂ မြန်မာ့အရေး တံခါးပိတ် အစည်းအဝေး ဆုံးဖြတ်

မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေး ကူးပြောင်းမှုအတွက် သမိုင်းဝင် ရွေးကောက်ပွဲ ဖြစ်စေရန် ၂၀၁၅ ရွေးကောက်ပွဲတွင် နိုင်ငံရေးခေါင်းဆောင် များသာမက ပြည်သူအများ လက်ခံနိုင်သည့် ရလဒ် ဖြစ်စေရန် အရေးကြီးကြောင်း စက်တင်ဘာ ၂၉ ရက်က ကျင်းပသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာ့အရေး ပူးပေါင်း ဆောင်ရွက်မှု မဟာမိတ်အဖွဲ့ တံခါးပိတ် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။ ထို့ပြင် ရွေးကောက်ပွဲတွင် အုပ်စုအားလုံး ပါဝင်ခွင့် ရရေးအတွက်လည်း တောင်းဆိုကြောင်း အဆိုပါ အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။

(၇၀) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်လာသည့် ကုလသမဂ္ဂ ကိုယ်စားလှယ်များမှ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်မှု မဟာမိတ်အဖွဲ့မှ မြန်မာ့အရေး တံခါးပိတ် ဆွေးနွေးပွဲ ကျင်းပခဲ့ပြီး ရွေးကောက်ပွဲတွင် အားလုံး ပါဝင်ခွင့် ရရေးနှင့် ပွင့်လင်း မြင်သာမှု ရှိရေးအပါအ၀င် ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေး ခဲ့ကြကြောင်း VOA သတင်းဌာနက ဖော်ပြထားသည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ Ms.Eri Kaneko က “ဆွေးနွေးပွဲမှာ မီးမောင်းထိုးပြခဲ့တဲ့ အချက်ကတော့ မြန်မာနိုင်ငံမှာ လာမယ့် ရွေးကောက်ပွဲတွေဟာ ဒီမိုကရေစီကို ကူးပြောင်းမယ့် သမိုင်းမှတ်တိုင် တစ်ရပ်အဖြစ် ကိုယ်စား ပြုတာကြောင့် လွတ်လပ်တဲ့အပြင် အုပ်စုအားလုံးတို့ ပါဝင်ပြီး ထင်သာမြင်သာ ရှိရမှာဖြစ်ပါတယ်။ မဲဆန္ဒရှင်တွေအပြင် အထူးသဖြင့် ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရခဲ့တဲ့ မွတ်စလင် ကိုယ်စားလှယ်လောင်းတွေ အပါအ၀င် ကိုယ်စားလှယ်လောင်းတွေ ပယ်ချ ခံရမှုအတွက် မကျေနပ်မှုတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့လည်း စိုးရိမ်မကင်း ဖြစ်ပါတယ်”ဟု VOA သတင်းဌာနသို့ ပြောကြားသည်။
၎င်းက ဆက်လက်၍ နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်ကို စောင့်ကြည့် နေသည့်အပြင် ရွေးကောက်ပွဲအပြီး အာဏာ လွှဲပြောင်းရေး ချောမွေ့စွာေ ဆာင်ရွက်နိုင်ရန်အတွက် အများ လက်ခံသည့် ရွေးကောက်ပွဲ ရလဒ်ဖြစ်ရန် အရေးကြီးသည်ဟု အစည်းအဝေးမှ သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း ဆက်လက် ပြောကြားသည်။
“ရွေးကောက်ပွဲတွေဟာ ယုံကြည်စိတ်ချမှု ရှိဖို့နဲ့ အာဏာကို လွှဲပြောင်းပေးရာမှာ ချောချောမွေ့မွေ့ ဖြစ်နိုင်ဖို့က ရွေးကောက်ပွဲ ရလဒ်တွေဟာ နိုင်ငံရေး ပါတီခေါင်းဆောင်တွေနဲ့ မြန်မာနိုင်ငံသား အများစုက လက်ခံနိုင်မယ့် အခြေအနေမျိုး ဖြစ်ဖို့အပေါ်မှာ အများကြီး မူတည်နေတာ ဖြစ်ပါတယ်”ဟု Ms.Eri Kaneko က ပြောကြားသည်။
အဆိုပါ တံခါးပိတ် အစည်းအဝေးဆိုင်ရာ ကြေညာချက်တွင် မြန်မာနိုင်ငံ၌ အမုန်းပွားစေရန် ပြောဆိုမှုများ၊ လူမှု အသိုင်းအ၀ိုင်း များအကြား ရန်စ လှုံ့ဆော်မှုများ ပိုမို များပြားလာခြင်းသည် မတူညီသည့် လူမှု အသိုင်းအ၀ိုင်း နှစ်ခုအကြား ဘာသာရေးအပေါ် အခြေခံသည့် ကွဲလွဲမှုများ ပိုမို ဆိုးရွားလာစေကြောင်း မှတ်ချက်ပေးထားပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ရုံးဖွင့်လှစ်နိုင်ရန်အတွက် အကောင်အထည်ဖော် လုပ်ဆောင်ရန် တိုက်တွန်းထားသည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်မှု မဟာမိတ်အဖွဲ့ကို ၂၀၀၈ ခုနှစ်က မြန်မာ့မိတ်ဆွေ နိုင်ငံများ အဖွဲ့အဖြစ် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ၂၀၁၃ ခုနှစ်မှစ၍ အမည် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။ အဆိုပါအဖွဲ့တွင် တရုတ်၊ အင်ဒိုနီး ရှား၊ ဂျပန်၊ စင်ကာပူ၊ ဗီယက်နမ်၊ နော်ဝေ၊ ထိုင်း၊ အိန္ဒိယ အပါအ၀င် ၁၅ နိုင်ငံဖြင့် ပါဝင်ဖွဲ့စည်းထားသည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ယာယီ နိုင်ငံသားကတ် ကိုင်ဆောင်သူများကို မဲပေးခွင့် မပေးခြင်းသည် မှားယွင်းကြောင်း ပြောကြားသည်။
 
 
Credit To >>> Eleven Media Group

0 comments:

Post a Comment