၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြု
ပြဋ္ဌာန်းလိုက်တဲ့ မော်တော်ယာဉ် ဥပဒေသစ်ကို သမ္မတဦးသိန်းစိန်က လက်မှတ်ထိုးပြီး
တရားဝင် ဥပဒေအဖြစ် အတည် ပြု ထုတ်ပြန်လိုက်တာမို့ အဲဒီ ဥပဒေသစ်မှာ
ပါဝင်နေတဲ့ ရှုပ်ထွေးတဲ့ ပြဋ္ဌာန်းချက်တွေကြောင့် မြန်မာ့ ကား ဈေးကွက်၊
ကားလောက အနာဂတ် မရောရာမှု တွေများစွာ ဖြစ်ပေါ်လာစေပါတယ်။
ဥပဒေသစ်မှာ မြန်မာ့ကားလောကအတွက် အဓိက အရေးကြီးဆုံးနဲ့ ရှုပ်ထွေးမှု
အဖြစ်စေဆုံးဖြစ်တဲ့ ပြ ဋ္ဌာန်း ချက် က တော့ မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့
လမ်းစနစ်နဲ့ ကိုက်ညီတဲ့ ဘယ်မောင်း ယာဉ်တွေ ကို အသုံးပြုရေးဆိုတဲ့ အချက်
ပါပဲ။
မြန်မာနိုင်ငံမှာ သွင်းကုန်တင်သွင်းခွင့်ပြုတဲ့အချိန်ကစလို့
နှစ်ပေါင်းများစွာ တွင်တွင်ကျယ်ကျယ် အသုံး ပြု လာတာက ညာမောင်း
ဂျပန်ကားအမျိုးအစား တွေပဲဖြစ်ပါတယ်။ မြန်မာ့ဈေးကွက်ရဲ့ ၉၉ ရာခိုင်နှုန်း က
ညာမောင်းဂျပန်ကားတွေ အများစုဖြစ်ပြီး ကားဟောင်းတွေကိုသာ အဓိက
သုံးစွဲနေကြတာပါ။ လက်ရှိ နိုင်ငံတွင်း ကားတင်သွင်းမှုတွေမှာ ကား ဟောင်း
သွင်းမှုက ၉၉ ရာခိုင်နှုန်းဖြစ်ပြီး ကားသစ် တင် သွင်း မှုဟာ ၁ရာခိုင်နှုန်းပဲ
ရှိတယ်လို့ မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေး နဲ့ ဖြန့်ဖြူး ရောင်းချရေး
လုပ်ငန်း ရှင်များအသင်းက သိရပါတယ်။
ပြည်တွင်းမှာ လက်ရှိကားအရေအတွက်ရဲ့ ရာခိုင်နှုန်းအနည်းငယ်သာ ဘယ်မောင်းရှိပါ
တယ်။ အစိုးရ ထုတ်ပြန်လိုက်တဲ့ မော်တော်ယာဉ် ဥပဒေသစ်အရ ဘယ်မောင်း၊ ညာမောင်း
ပြဿနာက ကြီးထွား လာ ဖို့ ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ လမ်းစနစ်နဲ့ ကိုက်ညီတဲ့
ဘယ်မောင်းယာဉ် တွေကို အသုံးပြုရေး ဆိုတဲ့ အချက် ကြောင့် ရှိရင်းစွဲ
ညာမောင်းကားတွေရဲ့ အနာဂတ်ဘယ်လိုဖြစ်မလဲ။ ကားတင်သွင်းတဲ့ ကုမ္ပဏီတွေနဲ့
Showroom တွေက တင်သွင်းထားတဲ့ ညာမောင်းကား ၅ သောင်းကျော် အနာဂတ်
ဘယ်လိုဖြစ်မလဲ စတဲ့ မေးခွန်းတွေ ကားလောကမှာ ဂယက်အရိုက်ခတ်ဆုံး မေးခွန်းတွေ
ဖြစ်နေ ပါတယ်။
လုပ်ထုံးလုပ်နည်းအရ ဥပဒေထွက်ပြီး ရက်၉၀ အကြာမှာ နည်းဥပဒေ
ထွက်လာမယ်ဆိုရင် ဒီဘယ်မောင်း၊ညာမောင်း ပြသနာနဲ့ ပတ်သတ်ပြီး
ဘယ်လိုအချက်တွေနဲ့ နည်းဥပဒေမှာ ထိန်းညှိ သွားမလဲ ဆိုတာ စောင့်ကြည့်ရမယ့်
အချက်ပါ။
ညာမောင်းကားတွေ အရည်ကြိုရတော့မလား
မော်တော်ယာဉ် ဥပဒေသစ် နဲ့ အတူ လုပ်ထုံးလုပ်နည်းဥပဒေပါ
ထွက်လာပြီဆိုရင်တော့ ဘယ်အချိန် အထိ ညာမောင်း တင်သွင်းမှုကို
ခွင့်ပြုမှာလဲဆိုတာနဲ့ လက်ရှိ ရှိနေတဲ့ ညာမောင်းတွေကို ဘယ်လို လုပ်မှာလဲ၊
လိုင်စင်သက်တမ်းတိုး တဲ့ အခါမှာ ထပ်တိုးပေး၊မပေး၊ ညာမောင်းတွေ
လိုင်စင်သက်တမ်းတိုး တဲ့အခါမှာ ထပ်တိုးမပေးဘူးဆိုရင် အရည်ကြို စက်ရုံ ကိုပဲ
ပို့ရတော့မလား မေးခွန်းတွေက ဆက်တိုက် ထွက်ပေါ်နေပါတယ်။
မော်တော်ယာဉ်ဥပဒေသစ်အရ ဘယ်မောင်းယာဉ်တွေကိုသာ
တင်သွင်းခွင့်ရှိတော့မယ်ဆိုရင် အရည် အသွေး ကောင်းမွန်တဲ့ ဂျပန်ကားကို
ရူးသွပ်ကြတဲ့ ပြည်တွင်း သုံးစွဲသူတွေအတွက် ဂျပန်ကား တွေ ထပ်ဝင်စရာ အကြောင်း
မရှိတော့ပါဘူး။ ဘယ်မောင်းကိုသာ ဦးစားပေး ထုတ်လုပ်နေတဲ့ ကိုရီးယား ကားနဲ့
တရုတ်ကားတွေပဲ ၀င်လာတော့မယ့် သဘောပါ။
မော်တော်ယာဉ်ဥပဒေသစ်ကနေ ဆင့်ပွားထွက်ပေါ်လာမယ့် နည်းဥပဒေမှာ ပြဋ္ဌာန်းမယ့်
သတ်မှတ် ချက် တွေက မြန်မာ့ ကားလောကနဲ့ဈေးကွက်ကို အဆုံးအဖြတ်ပေးတော့မယ်
အခြေအနေ ရှိနေ ပါတယ်။
ဥပဒေသစ် ထွက်ပေါ်လာပေမယ့် ချက်ချင်းကြီး ညာမောင်းကားတွေကို
ဖယ်ရှားရှင်းလင်းဖို့ဆိုတာ မဖြစ်နိုင်သေးတာမို့ ညာမောင်းကားတွေ ဆက်လက်
အသုံးပြုခွင့်ရဦးမှာ အသေအချာပါပဲ။ စက်မှု ၀န်ကြီးဌာနက ၂၀၁၆ နှစ်ကုန်မှာ
မြန်မာ နိုင်ငံတ၀န်း ဘယ်မောင်းကားတွေ စတင် အသုံးပြု သင့် တယ်လို့
အကြံပြုထားကြောင်း မြန်မာ့မော်တော်ယာဉ် ထုတ်လုပ် ရေး နှင့် ဖြန့်ဖြူး
ရောင်းချရေး လုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောပါတယ်။
မော်တော်ယာဉ် ဥပဒေသစ်ကနေ ဆင့်ပွား ထွက်ပေါ်လာမယ့် နည်းဥပဒေသစ်တွေမှာ
ဘယ်မောင်း တွေ စတင် အသုံး ပြုမယ့် အချိန်ကို ပါဝင်ဖော်ပြမှာဖြစ်ပြီး
အစိုးရ၊ မြန်မာ့ကားလောက အသိုင်းအ၀ိုင်းနဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ
စုပေါင်း ဆွေးနွေးထားတဲ့ မြန်မာ့မော်တော်ယာဉ် မူဝါဒ Myanmar Automobile
Policy မှာတော့ ဘယ်မောင်းစနစ်ကို ၂၀၁၈ခုနှစ်မှ သက်ရောက်စေဖို့
တင်ပြထားပါတယ်။
ဒေါက်တာစိုးထွန်းက “မြန်မာပြည်မှာ ညာကပ်မောင်းဆိုတော့
ဘယ်မောင်းစနစ်ကိုလုပ်တာမှန်တယ်။ ဒါပေမယ့် ကိုယ့်ဆီမှာ ရှိတဲ့ ကားတွေ ၉၉
ရာခိုင်နှုန်းက ညာမောင်းတွေဖြစ်နေတယ်။ ရက်ပေါင်း ၉၀ အတွင်းမှာ နည်းဥပဒေ
ထုတ်မယ်။ အဲ့ဒီမှာ ဘယ်မောင်းဖြစ်မယ်ဆိုရင်ပေါ့။ နည်းဥပဒေ ပြဋ္ဌာန်း
ပြီးတဲ့အခါ ကျနော်တို့ဘယ်တော့ ကျင့်သုံး မလဲပေါ့။ချက်ချင်းပဲ ဒီဥပဒေကို
အကျိုးသက်ရောက် စေမလား သို့မဟုတ် အော်တိုမိုဘိုင်းပေါ်လစီအရ ၂၀၁၈ ကို
သက်ရောက်စေမလာပေါ့။ ဒါမှမဟုတ် ၁နှစ် ဆွဲလို့ရဦးမလားပေါ့။ ဒါကို သက်ဆိုင်ရာ
ဌာနနဲ့ ဆွေးနွေးမယ်လို့ စဉ်းစားထားပါတယ်” လို့ ပြောပါတယ်။
ပြည်တွင်းကားဈေးကွက်မှာ ဘယ်မောင်းကားတွေထက် ညာမောင်းကားတွေက
ဈေးပိုရတဲ့အပြင် ပြည်တွင်းသုံးစွဲသူများ ကလည်း ညာမောင်းကိုပဲ
ကြိုက်နှစ်သက်ကြတာမို့ ထွက်ပေါ်လာမယ့် မော်တော်ယာဉ်နည်းဥပဒေသစ်မှာ ဘယ်မောင်း
ညာမောင်းပြသနာကို ဘယ်လိုအလျှော့ အတင်းနဲ့ ထိန်းညှိသွားမလဲ ဆိုတာ
စိတ်ဝင်စားစရာ ကောင်းနေပါတယ်။
ကားသစ်ဈေးကွက် ထွန်းကားလာမလား
မူကြမ်းအဖြစ် ထွက်ရှိနေပြီဖြစ်တဲ့ မြန်မာ့မော်တော်ယာဉ်မူဝါဒ Myanmar
Automobile Policy မှာ ကားသစ်ဈေးကွက် ထွန်းကားလာရေးနဲ့ ပတ်သတ်ပြီး
ဖော်ပြထားတဲ့ အချက်တွေ အများကြီး ပါလာ ပါတယ်။ မြန်မာ့ မော်တော်ယာဉ်
ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူး ရောင်းချရေး လုပ်ငန်းရှင် များ အသင်း၊
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းတို့အပါအ၀င် မော်တော်ယာဉ်လောက သက်ဆိုင်သူ
တွေအားလုံး ပူးပေါင်းပါဝင်မှုနဲ့ ရေးဆွဲထားတဲ့ ဒီမူဝါဒဟာ အစိုးရက ပြင်ဆင်
ဖြည့်စွက်လက်ခံ အတည်ပြုပြီဆိုရင် မြန်မာနိုင်ငံရဲ့ မော်တော်ယာဉ်မူဝါဒ အဖြစ်
အကျုံးဝင်သွားမှာ ဖြစ်ပါတယ်။
မော်တော်ယာဉ်မူဝါဒ ခိုင်ခိုင်မာမာ မရှိခဲ့ခြင်းနဲ့ အတူ
ကားတင်သွင်းမှုဖြစ်စဉ်အမျိုးမျိုး ပြောင်းလဲခဲ့ တာတွေကြောင့် ကား လောကမှာ
ရောင်းဝယ်သူတွေရော သုံးစွဲသူတွေရော နစ်နာမှုတွေ ရှိခဲ့ကြ ပါတယ်။ အခုလို
မြန်မာနိုင်ငံရဲ့ မော်တော် ယာဉ်မူဝါဒ ခိုင်ခိုင်မာမာထွက်လာမယ်ဆိုရင်တော့
မော်တော် ယာဉ်ဆက်စပ်လုပ်ငန်းလုပ်ကိုင်သူတွေအတွက် အကျိုးရှိလာ မှာဖြစ်သလို
နိုင်ငံခြား ရင်းနှီးမြှုပ်နှံလိုသူတွေ အတွက်လည်း အကျိုးရှိစေမယ့်
အချက်တချက်ပါ။
ဒါပေမယ့် မော်တော်ယာဉ်ထုတ်လုပ်မှု ဈေးကွက်မှာ
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု FDI တွေဝင်လာဖို့ဆိုတာ မြန်မာပြည်မှာ
ကားသစ်ဈေးကွက် ထွန်းကားလာမှသာ ၀င်လာကြမှာပါ။ အခုလို ကားဟောင်းပဲသွင်းနေတဲ့
ဈေးကွက်မှာ ဘယ်လိုမှ ၀င်လာ စရာ အကြောင်းမရှိဘူးလို့ ဆိုကြသူတွေရှိပါတယ်။
တနိုင်ငံလုံးအတိုင်းအတာရဲ့ ၉၉ ရာခိုင်နှုန်းက ကားဟောင်းတွေ သွင်းတာ
ဖြစ်ပြီး ၁ရာခိုင်နှုန်း လောက် သာ ကားသစ် သွင်းတဲ့ အခြေအနေမှာ
ကားသစ်ဈေးကွက် ထွန်းကားလာဖို့နဲ့ မော်တော်ကားနဲ့သက်ဆိုင်တဲ့
ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာဖို့ မလွယ်ကူပါဘူး။
ကားသစ်ဈေးကွက် ထွန်းကားလာဖို့ဆိုရင်
မော်တော်ယာဉ်ထုတ်လုပ်မှုလုပ်ငန်းတွေမှာ ငွေကြေးအရင်းအနှီးကို နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှု ရာနှုန်းပြည့် ခွင့်ပြုပေးဖို့၊ မော်တော်ယာဉ်နဲ့
ပတ်သက်တဲ့ အာမခံလုပ်ငန်းမှာ နိုင်ငံခြားသား လုပ်ပိုင်ခွင့်ပေးဖို့
လိုတယ်လို့ မော်တော်ယာဉ်မူဝါဒ ရေးဆွဲရေးမှာ ဦးဆောင် ပါဝင်ခဲ့သူ
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ဦးဆန်းဦးက ပြောပါတယ်။
ဦးဆန်းဦးက “သူတို့က finance ကိုလည်း၁၀၀ ရာခိုင်နှုန်း FDI တောင်းပါတယ်။
ဘာလုပ်ဖို့လည်း ဆိုရင် အရစ်ကျစနစ်နဲ့ ရောင်းမှာ၊ ကျနော်တို့
မော်တော်ကားရောင်းရင် အခု Show Room တွေက ရောင်းတယ်။ ဒါပေမယ့်
အများကြီးမရဘူး။ အနည်းဆုံး ၁နှစ် ၂နှစ် ဒီလောက်ပဲ ရတယ်။ ၃၀ ရာခိုင်နှုန်း
လောက်လဲ ငွေချေရတယ်။ ဒီတော့ နိုင်ငံခြား FDI က ၀င်လာပြီဆိုရင် ကားကို
အရစ်ကျ ရောင်းမယ်။ ၁၀ နှစ် ၁၅ နှစ်လာမယ်။ အဲ့ဒီအခါ ကားသစ်ကို
လူတိုင်းနီးပါးလောက် အရစ်ကျစနစ်နဲ့ ၀ယ်နိုင်လာ လိမ့် မယ်ဆိုတဲ့ အချက်
ပေါ်လာတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ပြည်တွင်းသုံးစွဲသူတွေနဲ့ လိုက်လျောညီထွေဖြစ်မယ့်
ကားတမျိုးမျိုးသတ်မှတ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို
ထုတ်လုပ်ခွင့် ပေးရင်လည်း ဖြစ်လာနိုင်တယ်လို့ ဦးဆန်းဝင်းက ဆိုပါတယ်။
“ကားတမျိုးကို ရွေးပေးဖို့ပေါ့။ ကျနော်တို့နိုင်ငံမှာလိုအပ်နေတဲ့ကား၊
ကားတမျိုးကိုသတ်မှတ် ပြဌာန်းပြီးတော့ အဲ့ဒီကား ထုတ်ဖို့ Instencive တွေ
သူတို့ရဲ့ အခွန်သက်သာခွင့်တွေ ပေးလိုက်မယ်ဆိုရင် ဈေးနှုန်းလည်း သက်သက်
သာသာနဲ့ ရမယ်ဆိုရင် ဒီလိုကားမျိုးတွေ အများကြီး ရောင်းနိုင်မယ်ဆိုရင်
ကားသစ်ဈေးကွက် က ဖွံ့ဖြိုးမယ်ပေါ့။ နိုင်ငံခြားသားတွေက ဒီလိုထောက်ပြ
ပါတယ်” လို့ ပြောပါတယ်။
ကားသစ်ဈေးကွက် ထွန်းကားလာဖို့မှာ ထုတ်လုပ်မှုကို ဦးစားပေးမလား၊ တင်သွင်းမှုကို ဦးစားပေးမလာဆိုတဲ့ အချက်က လည်း ရှိနေပါသေးတယ်။
ဒေါက်တာစိုးထွန်းက “ဒီမှာ ၂ပိုင်းတော့ ရှိတယ် ပြည်တွင်း ထုတ်လုပ်မှုကို
ဦစားပေးမလား၊ Import ကို ဦးစား ပေးမလား ပေါ့။ ပြည်တွင်းထုတ်လုပ်မှုကို
ဦးစားပေးတဲ့အခါကျရင် ကားဟောင်းတင်သွင်းမှုကို ကျနော်တို့က ပြန်စဉ်းစား ရမယ်။
အဲဒီ ကျရင် ဈေးကြီးတာတွေ ဖြစ်လာမယ်။ ဒီတော့ ဒီ ၂ခုကို
တိုင်ပင်ကိုက်ဖို့လိုတာပဲ။ဘယ်လမ်းသွားမလဲဆိုတဲ့ဟာ Turning Point
ကိုရောက်နေပြီ” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိ ကားဟောင်းဈေးကွက်က လွှမ်းမိုးနေဆဲဖြစ်သလို
တဦးဝင်ငွေနည်းပါးနေဆဲ ဖြစ်တာမို့ကားဟောင်း ဈေးကွက်က ပိုပြီး
ကြီးစိုးဦးမယ့် အခြေအနေရှိနေပါတယ်။ တဖက်မှာလည်း ကားသစ် ထုတ်လုပ်မှု တွေအတွက်
လိုအပ်တဲ့ အထောက်အပံပေးနိုင်မယ့် ရေခံ မြေခံ အခြေခံ အချက်တွေ အများကြီး
ရှိနေပါတယ်။ လျှပ်စစ်မီးကအစ အခြေခံ အ ဆောက် အဦ မပြည့်စုံမှု တွေ
ရှိနေသေးသလို မော်တော်ယာဉ်နဲ့ မော်တော်ယာဉ် အပိုပစ္စည်းထုတ်လုပ်လိုသူ
နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ လာချင်အောင် ဆွဲဆောင်နိုင်တဲ့
အချက်တွေလည်း လိုအပ်နေဆဲလို့ မော်တော်ယာဉ် လုပ်ငန်း လုပ်ကိုင်သူ
အသိုင်းအ၀ိုင်းက ပြောဆိုကြပါတယ်။
Credit To >>> Irrawaddy News
Thursday, October 1, 2015
ဥပဒေသစ်နဲ့ ရှုပ်ထွေးလာမယ့် မြန်မာ့ကားလောက အနာဂတ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment