နိုင်ငံတည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေ စိုးမိုးမှုနှင့် လူမှုစီးပွားဘဝ
ဖွံ့ဖြိုးတိုးတက်မှုအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေချိန်တွင်
ယခုကဲ့သို့ ပဋိပက္ခများ ဖြစ်ပွားရခြင်းသည် ရခိုင်ပြည်နယ် အတွက်သာမက
နိုင်ငံအတွက်ပါ ထိခိုက် ဆုံးရှုံးရခြင်း ဖြစ်သည်ဟု ပြည်ထောင်စု
သမ္မတမြန်မာနိုင်ငံတော် သတင်း ထုတ်ပြန်ရေး အဖွဲ့က အောက်တိုဘာ ၂ ရက်ညပိုင်းက
မြန်မာ့ရုပ်မြင်သံကြားမှ တစ်ဆင့် သတင်းထုတ်ပြန် ခဲ့သည်။
နိုင်ငံတော် အစိုးရအနေဖြင့် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ အမြန်ဆုံး အဆုံးသတ်နိုင်ရေး၊ ပြစ်မှုကျူးလွန်သူများ ဖော်ထုတ်၍
ဥပဒေနှင့်အညီ အရေးယူနိုင်ရေးနှင့် မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရသော
နေအိမ်များကို ပြန်လည် တည်ဆောက် ပေးနိုင်ရေးအတွက် ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါဝင်သည်။ ထို့ပြင် ပြည်သူများ
အနေဖြင့်လည်း ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေရေးအတွက် တာဝန်ရှိသူများနှင့်
ပူးပေါင်းဆောင်ရွက်ရန် အစိုးရသတင်း ထုတ်ပြန်ရေးအဖွဲ့က တိုက်တွန်းခဲ့သည်။
အလားတူ ရခိုင်ပြည်နယ် သံတွဲမြို့တွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများကို
အမေရိကန် ပြည်ထောင်စုက ပြင်းထန်စွာ ပြစ်တင် ရှုတ်ချပါကြောင်း သတင်းထုတ်ပြန်
ချက်တစ်စောင်ကို ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက အောက်တိုဘာ ၂ ရက်က
ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် အမေရိကန်သံရုံးသည်
ရခိုင်ပြည်နယ်အတွင်းရှိ အခြေအနေများကို အနီးကပ် ဆက်လက် စောင့်ကြည့်လျှက်
ရှိပါကြောင်း၊ ဒေသတွင်းရှိ ပြည်သူများနှင့် ၎င်းတို့၏ အိုးအိမ်များကို
အကြမ်းဖက်ခံရခြင်းမှ လျှင်မြန်စွာနှင့် တိကျပြတ်သားစွာ ကူညီကာကွယ်ပေးရန်
အာဏာပိုင်များကို မိမိတို့ အလေးအနက် တိုက်တွန်းအပ်ပါကြောင်း၊
ဖြစ်ရပ်များကို တိကျသေချာစွာ စုံစမ်းစစ်ဆေးပြီး အကြမ်းဖက် ဖြစ်ရပ်များအတွက်
တာဝန်ရှိသူများကို ဖော်ထုတ်အရေးယူရန် တိုက်တွန်းအပ်ပါကြောင်း
ဖော်ပြထားသည်။
Eleven
0 comments:
Post a Comment