Monday, October 24, 2016

ဆိုက်ဘေးရီးယား ရုရှားရဟတ်ယာဉ်တစ်စင်းပျက်ကျမှုကြောင့် အနည်းဆုံး လူ ၁၉ ဦးသေဆုံး


ဆိုက်ဘေးရီးယား အနောက်မြောက်ပိုင်းတွင် ရဟတ်ယာဉ်တစ်စင်း ပျက်ကျမှုကြောင့် အနည်းဆုံး လူ ၁၉ ဦးသေဆုံးခဲ့ကြောင်း ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီက စနေနေ့တွင် ပြောကြားသည်။ စုံစမ်းစစ်ဆေးရေးမှူး များ၏ အဆိုအရ Mi-8 ရဟတ်ယာဉ်သည် လူ ၂၂ ဦးကိုတင်ဆောင်လာခဲ့ပြီး သောကြာနေ့ညဘက်တွင် နိုဗီ ယူရန်ဂိုင်းမြို့အပြင်ဘက်တွင် ပျက်ကျခဲ့ကာ အခင်းဖြစ်ပွားရာနေရာတွင် ရရှိခဲ့သော ဒဏ်ရာများကြောင့် လူ ၁၉ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ ရဟတ်ယာဉ်ပျက်ကျချိန်ဖြစ်သည့် သောကြာနေ့ ဂရင်းနစ်စံတော်ချိန် ၁၄ နာရီမှ ၁၅ နာရီကြားတွင် ၄င်းသည် ဆိုက်ဘေးရီးယားရှိ ကရာနိုရက်ဒေသကို ဖြတ်သန်းနေချိန် ဖြစ်ပြီး ယာမာလို-နဲနက်စကီး ဒေသရှိ ယာရန်ဂိုင်းမြို့သို့ သွားရောက်နေခြင်း ဖြစ်သည်ဟုဆိုသည်။ ဒေသဆိုင်ရာ အရေးပေါ် ၀န်ကြီးဌာနက "သောကြာနေ့တွင် နိုဗီ ယူရန်ဂွိုင်းမြို့အပြင်ဘက် ကီလိုမီတာ ၈၀ အကွာ၌ ရဟတ်ယာဉ် ပျက်ကျခဲ့ခြင်းဖြစ်သော်လည်း လူသေဆုံးမှုရှိမရှိကို ကနဦးသတင်းမရရှိခဲ့ကြောင်း" ပြောကြားခဲ့သည်။ အရေးပေါ်အလုပ်သမားများသည်လည်း အခင်းဖြစ်ရာနေရာသို့ထွက်ခွာသွားကြပြီဖြစ်ပြီး အပျက်အစီးများကြားမှ လူ ၃ ကိုကယ်ဆယ်နိုင်ခဲ့ကြောင်း ယင်းဝန်ကြီးဌာနက ဆိုသည်။ အသက်ရှင်ကျန်ရစ်သူများကို နိုဗီယူရန်ဂွိုင်းမြို့ရှိ ဆေးရုံတစ်ခုကို ပို့ဆောင်လိုက်ကြောင်း စုံစမ်းစစ်ဆေးရေးမှူးများက ပြောကြားသည်။ စုံစမ်းစစ်ဆေးရေး ကော်မတီ၏ အဆိုအရ ယင်းပျက်ကျမှုသည် အန္တရာယ်ကင်းစွာပျံသန်းရေး စည်းမျဉ်းစည်းကမ်း၊ စက်ပိုင်းဆိုင်ရာ ချို့ယွင်းချက်နှင့် ရာသီဥတုအခြေအနေကြောင့် ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

Credit To>>> Democracy Today

0 comments:

Post a Comment