
ရခိုင်ပြည်နယ် မြေပုံနှင့် တောင်ကုတ်မြို့နယ်အတွင်း ဆောက်လုပ်မည့် Cyclone Shelter ခြောက်လုံးအတွက် ချပေးထားသည့် သိန်း ၆၀၀၀ မှာ အလွန်နည်းပါးသဖြင့် ဆောက်မည့် ကုမ္ပဏီမရှိဖြစ်နေပြီး ပေးကားပေး၏ မရဖြစ်နေကြောင်း မြေပုံမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမြသန်းက ပြောကြားသည်။
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန အနေဖြင့် အမျိုးသား ဘေးအန္တရာယ် စီမံခန့်ခွဲမှု ရန်ပုံငွေထဲမှ မြေပုံမြို့နယ်နှင့် တောင်ကုတ်မြို့တို့တွင် မုန်တိုင်းဒဏ်ခံ အဆောက်အအုံ ခြောက်လုံးဆောက်လုပ်ရန် ငွေကျပ်သိန်း ၆၀၀၀ ခွင့်ပြုထားကြောင်း သိရသည်။
“ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ ရခိုင်ပြည်နယ် ခရီးစဉ်လာတုန်းက လူ/ကယ်/ပြန် ၀န်ကြီးလည်းပါတယ်။ အဲဒီခရီးစဉ်မှာ သိန်းခြောက်ထောင် ပေးခဲ့တယ်လို့ သတင်းမှာ ဖတ်ရတယ်။ အဲဒါကို ပြည်နယ်အစိုးရ အဖွဲ့က တင်ဒါခေါ်တဲ့အခါ မြေပုံမှာ Cyclone Shelter သုံးလုံး၊ တောင်ကုတ်မှာ သုံးလုံးပါတယ်လို့ သိရတယ်။ ဆိုတော့ သိန်းခြောက်ထောင်ဟာ Cyclone Shelter ခြောက်လုံးအတွက်ဆိုတော့ Shelter တစ်လုံးကို သိန်းတစ်ထောင်နှုန်း ဖြစ်နေတယ်။ ကုမ္ပဏီကိုမေးတဲ့အခါ Cyclone Shelter တစ်လုံးကို သိန်းတစ်ထောင်နဲ့ ဆောက်မရဘူးလို့ ပြောကြတယ်။ မနှစ်က မြေပုံမြို့နယ်သင်းပေါင်းချောင်းမှာ Cyclone Shelter ဆောက်တဲ့အခါ ခွင့်ပြုငွေက သိန်းသုံးထောင့်နှစ်ရာ ဖြစ်တယ်။ အခု သိန်းတစ်ထောင်ဆိုတော့ မနည်းကွာနေတော့ မဖြစ်နိုင်။ ပေးကားပေး၏ မရဖြစ်နေပါတယ်” ဟု မြေပုံမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမြသန်းက ပြောကြားသည်။
စက်တင်ဘာ ၂၅ ရက်က ရခိုင်ပြည်နယ် လွှတ်တော်သို့ ရောက်ရှိလာခဲ့သည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံစဉ် မြေပုံမြို့နယ်တွင် ဆောက်လုပ်မည့် မုန်တိုင်းဒဏ်ခံ အဆောက်အအုံ တစ်လုံးအတွက် ငွေကျပ်သိန်း ၁၀၀၀ ဖြင့် မလုံလောက်နိုင်ကြောင်းနှင့် အနည်းဆုံး ငွေကျပ်သိန်း ၂၀၀၀၊ ၃၀၀၀ အထိ ခွင့်ပြုပေးသင့်ကြောင်း မြေပုံမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမြသန်းက တင်ပြကြောင်း သတင်းရရှိသည်။
“အခု ပြည်ထောင်စုဝန်ကြီး လာတဲ့အခါ သိန်းတစ်ထောင်နဲ့တော့ ဘယ်လိုမှ မဆောက်နိုင်ဘူးလို့ ကုမ္ပဏီကပြောတယ်။ ရှုံးမယ်လို့ ပြောတယ်။ ဧရာဝတီဘက်မှာ ရတယ်ဆိုပေမယ့် ဒီဘက်မှာ လမ်းပန်းဆက်သွယ်ရေးခက်တော့ သယ်ယူပို့ဆောင်စရိတ် ဈေးနှုန်းတွေကြတော့ ဒီမှာတော့ အနည်းဆုံး သိန်းနှစ်ထောင်၊ သိန်းသုံးထောင်မှ ဖြစ်မယ်လို့ ပြောလိုက်တယ်။ ၀န်ကြီးကတော့ အသေအချာ မှတ်ယူသွားပါတယ်။ အခုချပေးတဲ့ငွေဟာ ကုမ္ပဏီက မဆောက်နိုင်လို့ မရလိုက်ဘဲပြန်ပြီး ရုပ်သိမ်းသွားမှာစိုးလို့ နောက်ထပ်ခွင့်ပြုငွေ တိုးချပေးဖို့ ပြောလိုက်တာပါ” မြေပုံမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမြသန်းက ပြောကြားသည်။
ဂီရိဆိုင်ကလုန်း မုန်တိုင်းဒဏ်ကို ဆိုးရွားစွာ ခံစားခဲ့ရသော မြေပုံမြို့နယ်အတွင်းရှိ သင်းပေါင်းချောင်း၊ လွန်းလုံးပိုက်နှင့် ပြင်ချောင်း ကျေးရွာတို့တွင် Cyclone Shelter တစ်လုံးစီ တည်ဆောက်ထားပြီး ယခုတည်ဆောက်မည့် နေရာမှာ ငမန်းရိပ်ကျွန်းတွင် နှစ်လုံးနှင့် ၀ဘိုကြီးဆိုသည့် ကျေးရွာတွင် တစ်လုံးဖြစ်ကြောင်း သိရသည်။
၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်းဒဏ် တွေ့ ကြုံခဲ့ရပြီးနောက် မုန်တိုင်းဒဏ် အဆိုးရွားဆုံး ထိခိုက်ခဲ့သည့် ဧရာဝတီတိုင်းအတွင်း Cyclone Shelter မုန်တိုင်းဒဏ်ခံ အဆောက်အအုံများ ဆောက်လုပ်ရာတွင် Cyclone Shelter တစ်လုံးလျှင် ပျမ်းမျှကျပ်သိန်း ၅၀၀၀ မှ ၁၀၀၀၀ ကြား ကုန်ကျမှုများ ရှိခဲ့ကြောင်း သိရသည်။
Credit To >>> Eleven Media Group
0 comments:
Post a Comment