Wednesday, September 28, 2016

ကမ္ဘာ့စီးပွားရေး မရေရာပေမယ့် ဖွံ့ဖြိုးဆဲ အာရှနိုင်ငံတွေရဲ့ စီးပွားရေး ဆက်လက်တည်ငြိမ်နေဆဲဟု အာရှဖွံ့ဖြိုးရေးဘဏ် ထုတ်ပြန်

တစ်ကမ္ဘာလုံးဆိုင်ရာ ကြမ်းတမ်းတဲ့ ရိုက်ခတ်မှုတွေရှိသော်ငြားလည်းအာရှဒေသက ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ စီးပွားရေးအခြေအနေကတော့ ဆက်လက်တည်ငြိမ်ခိုင်မာနေတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် ADB က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အာရှဒေသက နိုင်ငံတွေကို အုပ်စုတစ်စုအနေနဲ့ ခန့်မှန်းချက်ထုတ်ပြန်ခဲ့ရာမှာတော့ ယခုနှစ် ၂၀၁၆ နဲ့ လာမယ့်နှစ် ၂၀၁၇ ခုနှစ်တွေမှာ စီးပွားရေးတိုးတက်မှုနှုန်း ၅ ဒသမ ၇ ရာခိုင်နှုန်းနဲ့ အစောပိုင်းကလို မပြောင်းမလဲဆက်ရှိနေမယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားကြီးနိုင်ငံ အာရှဒေသက တရုတ်အတွက်ကတော့ ယခုနှစ်မှာ တိုးတက်မှုနှုန်း ၆ ဒသမ ၆ ရာခိုင်နှုန်းနဲ့ ၂၀၁၇ မှာ၆ ဒသမ ၄ ရာခိုင်နှုန်း အသီးသီးရှိမယ်လို့ ယင်းဘဏ်က ခန့်မှန်းသွားပါတယ်။ အလားတူ မှန်ကန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့် အိန္ဒိယဟာလည်း ယင်းရဲ့တိုးတက်မှု ရည်မှန်းချက်နှုန်းထားကို ပြည့်မီနိုင်ပြီး၂၀၁၆ မှာ ၇ ဒသမ ၄ ရာခိုင်နှုန်းနဲ့ ၂၀၁၇ မှာ ၇ ဒသမ ၈ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းသွားပါတယ်။
အလားတူအရှေ့တောင်အာရှရဲ့ အကြီးဆုံးစီးပွားရေးအင်အားကြီးနိုင်ငံငါးနိုင်ငံရဲ့ ယခုနှစ် ၂၀၁၆ တိုးတက်မှုကလည်း ၄ ဒသမ၈ ရာခိုင်နှုန်းရှိမယ်လို့ ADB ဘဏ်က ခန့်မှန်းသွားပါတယ်။ ယင်းနှုန်းထားဟာပြီးခဲ့တဲ့မတ်လက ခန့်မှန်းထားတာနဲ့ အတူတူပဲဖြစ်ပါတယ်။
ဒါပေမယ့်လည်း အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ထိုင်းနိုင်ငံတွေမှာဆိုရင် အခြေခံအဆောက်အအုံပိုင်း အစိုးရတွေရဲ့ ရင်းနှီးမြှုပ်နှံမှုပိုင်းမှာတော့ပို့ကုန်ဝယ်လိုအားကျဆင်းမှုနဲ့ ရင်ဆိုင်ခဲ့ရလို့ ထိခိုက်မှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ အလားတူ ယခုနှစ်ပထမနှစ်ဝက်တွင်း ထိုင်းနဲ့ ဖိလစ်ပိုင်တို့မှာကြုံတွေ့ခဲ့ရတဲ့မိုးခေါင်ရေရှားမှုကလည်း သီးနှံစိုက်ပျိုးမှုပိုင်းကို ထိခိုက်စေပြီး အထွက်နှုန်းသိသိသာသာကျဆင်းသွားမှုတွေရှိခဲ့တယ်လို့ ADB ရဲ့အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
သို့သော်ငြားလည်း အဓိကစက်မှုနိုင်ငံတွေဆီက ၀ယ်လိုအားကောင်းလာနိုင်မှု၊ ပို့ကုန်အတွက် နှုန်းထားကြီးမြင့်နိုင်မှုနဲ့ အခြေခံအဆောက်အအုံပိုင်း ရင်းနှီးမြှုပ်နှံမှုတိုးပွားလာမှုတွေကြောင့် လာမယ့် ၂၀၁၇ အတွက်ကတော့ တိုးတက်မှုနှုန်း ၅ ရာခိုင်နှုန်းထိ အရှိန်မြင့်အားကောင်းနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment