မန္တလေးတိုင်းဒေသကြီးအတွင်း ယာဉ်ကြောကျပ်တည်းမှုများကို လျှော့ချနိုင်ရေး အများပိုင် ယာဉ်လိုင်းများ ပြေးဆွဲပေးရမည်ဆိုပါက ပြည်ထောင်စု အစိုးရ အနေနှင့် ရင်းနှီးမြှုပ်နှံငွေ ချပေးမှသာ ပုဂ္ဂလိက လုပ်ငန်းရှင်များအနေနှင့် ပိုမိုမြန်ဆန်စွာ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီး ဦးမျိုးသစ်က ပြောကြားသည်။
ဒုတိယအကြိမ်မြောက် မန္တလေးတိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန် အစည်းအဝေး ပဉ္စမမြောက်နေ့ကို စက်တင်ဘာလ ၂၇ ရက်နေ့က ဆက်လက်ကျင်းပခဲ့ရာ ယာဉ်စီးရေ တိုးပွားလာသည့် မန္တလေးမြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း ယာဉ်ကြော ကျပ်တည်းလာမှုကို ကြိုတင်ပြင်ဆင်သည့်အနေနှင့် အများပိုင် ဘတ်စကားများပြေးဆွဲပေးရန် အစီအစဉ်ရှိမရှိ ချမ်းမြသာစည်မြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင်က မေးမြန်းခြင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင် ကိုယ်စား ဦးမျိုးသစ်က ဖြေကြားပေးခဲ့ခြင်းဖြစ်သည်။
" အချို့ယာဉ်လိုင်းတွေက လမ်းကြောင်း သတ်မှတ်ချက်မရှိ၊ အချိန် ကန့်သတ်ချက်မရှိ ပြေးဆွဲနေတယ်။ အထူးသဖြင့် ဈေးချိုနားတစ်ဝိုက် ဂိတ်ထိုးတာတွေကြောင့် ယာဉ်ကြော ကျပ်တည်းမှုတွေ ဖြစ်ရတာ။ ဒါတွေကို ဖြေရှင်းနိုင်ဖို့ စီစဉ်ထားတာ ရှိပါတယ်" ဟု ဦးမျိုးသစ်က ပြောဆိုသည်။
ပုဂ္ဂလိက ယာဉ်လိုင်းများ စနစ်တကျ တိုးချဲ့ ပြေးဆွဲနိုင်ရန် ပြည်ထောင်စု အစိုးရက ကျပ် ၁၀ ဘီလီယံ၊ ပုဂ္ဂလိကဘက်မှ ကျပ် ၁၅ ဘီလီယံဖြင့် ပူးပေါင်း လုပ်ဆောင်မည်ဆိုပါက ပိုမိုမြန်ဆန် အဆင်ပြေမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
"ယာဉ်လိုင်းများ ကြီးကြပ်ရေးအဖွဲ့ ရှိပေမယ့် မထိန်းနိုင်ဘူး။ ကိုယ်ပိုင်ကား၊ ဆိုင်ကယ်တွေကြောင့်လည်း ယာဉ်ကြော ကျပ်တာ။ မှတ်တိုင်တွေ ရှိပေမယ့် အသုံးပြုမှု မရှိတာကြောင့် ယာဉ်ပေါ်ပါ ခရီးသည်တွေတင်မဟုတ်ဘူး လမ်းပေါ်မှာ သွားလာနေသူတွေပါ အန္တရာယ် ဖြစ်နိုင်တယ်" ဟု ချမ်းမြသာစည်မြို့နယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က ပြောဆိုသည်။
မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာ နယ်နိမိတ်အတွင်း မှတ်ပုံတင်ထားသည့် မော်တော်ယာဉ် ၁၄၃,၃၂၉ စီး၊ ဆိုင်ကယ် ၈၉၂,၂၆၇ စီးရှိပြီး ယခင်က ခရီးသည်တင် လိုင်းကား ၄၅ သင်းရှိရာမှ လက်ရှိတွင် ၃၂ သင်းသာ ရှိတော့ကြောင်း၊ ယင်း ၃၂ သင်းမှ နေ့စဉ် ခရီးသည်တင် ယာဉ် ၄၀၀ မှ ၅၀၀ အကြား ပြေးဆွဲလျက်ရှိကြောင်း၊ လက်ရှိတွင် မှတ်တိုင် ၄၀၀ ထားရှိပြီး ခရီးသည်များ စောင့်ဆိုင်းနိုင်သည့် Bus Shelter ၆၀ ခုရှိကြောင်း မန္တလေးတိုင်းဒေသကြီး မော်တော်ယာဉ်လိုင်း ပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီထံမှ သိရသည်။
"အများပိုင် ကားလိုင်းတွေ ဖြစ်လာမယ်ဆိုရင်တော့ ခရီးသွားပြည်သူတွေအတွက် ပိုအဆင်ပြေတာပေါ့။ ယာဉ်မောင်းတွေအတွက်လည်း အလုပ်ပေါလာမှာပေါ့။ မှတ်တိုင်တွေ သတ်သတ်မှတ်မှတ် လုပ်ပေးရင်လည်း ခရီးသွားတွေအနေနဲ့ ကုန်ကျစရိတ် ပိုသက်သာတာပေါ့" ဟု ပြင်ဦးလွင်-မန္တလေး ပြေးဆွဲနေသည့် လူထုမေတ္တာ ယာဉ်လိုင်းမှ မော်တော်ယာဉ်ပိုင်ရှင် ဦးအောင်ဇော်ဦးက ပြောကြားသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ပြေးဆွဲနေသော ခရီးစဉ်များအနေနှင့် ခရီးအကွာအဝေးကို လိုက်၍ တစ်ဦးလျှင် ကျပ်၂၀၀၊ ကျပ် ၄၀၀ ၊ ကျပ် ၆၀၀ အထိရှိပြီး မန္တလေး-ပြင်ဦးလွင် ဆွဲနေသော ဟိုင်းလပ်ယာဉ်များအနေနှင့် ခရီးသည်တစ်ဦးလျှင် ကျပ် ၁၅၀၀ မှ ၂၀၀၀ အတွင်းသာ ရှိသော်လည်း မှန်လုံယာဉ်ငယ်များမှာ တစ်ဦးလျှင် ကျပ် ၄၀၀၀ မှ ၅၀၀၀ ၀န်းကျင်ရှိကြောင်း အဆိုပါ လမ်းခရီးတွင် ပြေးဆွဲနေသော ယာဉ်လိုင်းများထံမှ သိရသည်။
Credit To >>> The Voice Weekly
0 comments:
Post a Comment