Thursday, September 29, 2016

မန္တလေးတိုင်းဒေသကြီး လွှတ်တော်မေးခွန်း ဖြေကြားမှုများသည် မြေပြင် အခြေအနေနှင့် ကွဲလွဲ၍ အဖြေများအပေါ် အားရမှုမရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များ ပြောကြား

မန္တလေးတိုင်းဒေသကြီး လွှတ်တော်မေးခွန်း ဖြေကြားမှုများသည် မြေပြင်အခြေအနေနှင့် ကွဲလွဲနေ၍ အဖြေများအပေါ် အားရမှုမရှိကြောင်း ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ပြောကြားသည်။

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်တတိယ ပုံမှန်အစည်းအဝေးကို စက်တင်ဘာ၂၀ ရက်က ပြန်လည်ကျင်းပခဲ့ပြီး အဆိုပါ တတိယပုံမှန် အစည်းအဝေးတစ်လျှောက် ကိုယ်စားလှယ်များ၏ မေးခွန်းမေးမြန်းမှုကို ဖြေကြားပေးသည့် သက်ဆိုင်ရာ ၀န်ကြီးများ၏ အဖြေများအပေါ် ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။

“မေးခွန်းတချို့အပေါ် ဖြေသွားတဲ့ အဖြေတွေပေါ်မှာ အားမရတာတွေ ရှိပါတယ်။
မြေပြင် အခြေအနေတွေနဲ့ လွဲနေပါတယ်။ ၀န်ကြီးတွေ အနေနဲ့ ကိုယ်တိုင်မဟုတ်တောင် အားထားစိတ်ချရတဲ့သူတွေ အောက်ခြေဆင်း ကြည့်တာမျိုး လုပ်စေချင်ပါတယ်။ အခုဟာက အစိုးရ အဖွဲ့အစည်းတွေဖြေတဲ့ အဖြေပေါ်မှာ ထပ်ဆင့်မေးခွန်း မေးမြန်းတယ် ဆိုတာဟာလည်း အစိုးရနဲ့ လွှတ်တော် ပွတ်တိုက်အောင် လုပ်တာမဟုတ်ဘူး။ အစိုးရကို ဖိအားပေးတာ မဟုတ်ပါဘူး။ အောက်ခြေက အခြေအနေကို အစိုးရ သိသင့်တယ်ထင်လို့ ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ တင်ပြရခြင်း ဖြစ်ပါတယ်။ ဒါတွေကို အစိုးရအဖွဲ့ နားလည်သိစေချင်ပါတယ်။ ထပ်ဆင့်မေးခွန်း မေးခွင့်ပြုဖို့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်” ဟု  ထပ်ဆင့် မေးခွန်းမေးခွင့် မရခဲ့သော ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ပြောကြားသည်။

ထို့ပြင် စက်တင်ဘာ၂၀ ရက် လွှတ်တော် ပထမနေ့တွင် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ဆည်တော်ကြီးသစ်ဆိပ် လမ်းတစ်လျှောက် တရားမ၀င် သစ်ခိုးထုတ်နေမှုများကို အထောက်အထား ခိုင်လုံစွာဖြင့်  တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အောင်မြေသာစံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဒေါက်တာ ကျော်ဦးက အရေးယူရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ သက်ဆိုင်ရာ နယ်လုံဝန်ကြီးက မန္တလေးတိုင်းဒေသကြီးအတွင်း သစ်ထုတ်ယူ ရောင်းချမှုမရှိဟု ဖြေကြားခဲ့သည်။

အဆိုပါ အဖြေနှင့် ပတ်သက်၍လည်း မေးမြန်းခဲ့သည့် ကိုယ်စားလှယ် ဒေါက်တာကျော်ဦးက “ကျွန်တော့်မေးခွန်း အဖြေနဲ့ပတ်သက်ပြီး ကျွန်တော်ကိုယ်တိုင် လျှော့ရပါတယ်။ အဖြေကို စိတ်တိုင်းမကျပါဘူး။ ကိုယ်တိုင်ကွင်းဆင်း လေ့လာပြီးမှ သက်သေ အထောက်အထား အသံဖိုင် ခိုင်ခိုင်လုံလုံနဲ့ လွှတ်တော်ကို တင်ပြခဲ့တာပါ။ လွှတ်တော်အနေနဲ့ ဌာနဆိုင်ရာအကြား ကိုင်တွယ်ရတာ အခက်အခဲ ရှိကောင်းရှိနိုင်ပါတယ်။ ဒါကြောင့် နယ်လုံဝန်ကြီးနဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးဖို့ လုပ်ပါမယ်” ဟု မီဒီယာများကို ပြောကြားသည်။

အစိုးရအဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ်များသည် ယခုမှ စတင်တာဝန် ထမ်းဆောင်ခြင်း ဖြစ်သောကြောင့် လိုအပ်ချက်များ ရှိနေသည်ကို နားလည်ကြောင်း၊ သို့သော် တချို့ကိစ္စများတွင် အောက်ခြေအား မေးမြန်းပါက အောက်ခြေက တင်ပြထားသည်များကိုသာ ပြန်လည်ဖတ်ကြားမှုမျိုး ဖြစ်နေကြောင်း၊ ၀န်ကြီးများ ကိုယ်တိုင်ကွင်းဆင်းပြီး အခြေအနေကို တင်ပြဖြေကြားခြင်းမျိုးသာ လိုလားကြောင်း ချမ်းမြေ့သာစည်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ ဦးမြင့်အောင်မိုးက ဆက်လက် ပြောကြားခဲ့သည်။

“ပြည်သူ့အတွက် အကျိုးရှိစေမယ့် မေးခွန်းတွေပဲ မေးမြန်းတာဖြစ်လို့ ပြည်သူ့အတွက် ထိရောက်တဲ့ အဖြေမျိုးပဲ လိုချင်ပါတယ်။ ချက်ချင်းလက်ငင်း မဟုတ်တောင် ဘယ်အချိန်မှာ အကျိုးဖြစ်ထွန်းမလဲ သိချင်တာပါ” ဟု ၎င်းက ဆိုသည်။  

Credit To >>> Eleven Media Group

0 comments:

Post a Comment