Thursday, September 29, 2016

ကုန်သွယ်ရေးလိုင်စင် လျှောက်ထားမှု စည်းမျဉ်းများ ထပ်မံဖြေလျှော့မည် ဖြစ်သော်လည်း အခွန်တိမ်းရှောင်ရန် လျှောက်ထားခြင်းဖြစ်ပါက နောက်ကြောင်းပြန် အရေးယူမည်

လုပ်ငန်းရှင်များ အနေဖြင့် ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားရာ၌ ကုန်ပို့လွှာ (Invoice) တွင် ကုန်စည်၏ အမှန်တကယ် တန်ဖိုးဈေးနှုန်းအတိုင်း ဖော်ပြကာ လိုင်စင်လျှောက်ထား ခွင့်ပြုတော့မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။
သို့သော်လည်း လုပ်ငန်းရှင်များဘက်မှ အခွန်တိမ်းရှောင်ရန်အတွက် တန်ဖိုးအမှန် ဖော်ပြခြင်း မပြုဘဲ လျှောက်ထားခြင်းများ မဖြစ်ပေါ်စေရေးအတွက် နောက်ကြောင်းပြန် အရေးယူရန် လုပ်ထုံး လုပ်နည်းများကိုလည်း ရေးဆွဲထားကြောင်း သိရသည်။

“လက်ရှိမှာ ဖြေလျှော့မှုတွေ အဓိက ဆောင်ရွက်ပေးဖို့ လုပ်နေပါတယ်။ ဖြေလျှော့ပေးမှုဆိုတာ ကုန်သွယ်မှုနှင့် ပတ်သက်ပြီး လုပ်ငန်းရှင်တွေဘက်က လုပ်နိုင်ကိုင်နိုင်ဖြစ်အောင် ဥပမာ-ကန့်သတ်ချက်တွေ ရှိနေတဲ့ဟာတွေ ရှိတယ်။ မလိုအပ်ဘဲ အချိန်တွေ ကြာနေတဲ့ဟာတွေ ရှိတယ်။ ဆိုတော့ အဲဒါမျိုးတွေကို ဖြေလျှော့ပေးနိုင်အောင် ဆောင်ရွက်နေပါတယ်။ မကြာခင်မှာ လျှောက်ထားတဲ့ Invoice မှာပါတဲ့ ကုန်စည်ရဲ့ ဈေးနှုန်းအတိုင်း လိုင်စင်ခွင့်ပြုဖို့ မကြာခင်မှာ ဆောင်ရွက်သွားဖို့ ရှိပါတယ်။ တစ်ဖက်ကလည်း ကုန်သည်တွေက စီးပွားရေး ကျင့်ဝတ်တော့ ရှိရမယ်ပေါ့။ အမှန်တကယ်ဝယ်တဲ့ တန်ဖိုးအတိုင်း လိုင်စင်လျှောက်ရမယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ အခွန်ရှောင်ချင်လို့ လျှောက်တာမျိုး မဖြစ်အောင်တော့ စီးပွားရေး ကျင့်ဝတ်တော့ ရှိရမယ်ပေါ့။ အဲဒီလိုဖြစ်လာလို့ တွေ့ရှိရင်လည်း နောက်ကြောင်းပြန်ပြီး အရေးယူဖို့အတွက် လုပ်ထုံးလုပ်နည်းတွေ ရေးဆွဲနေတယ်။ သို့သော်လည်း လတ်တလောမှာ သူတို့လျှောက်တဲ့ ဈေးနှုန်းအတိုင်း ဈေးနှုန်းအပေါ်မှာ သူတို့ အာမခံ ပေးရမယ်။ ပြီးရင် လျှောက်တဲ့ဈေးနှုန်းအတိုင်း စီးပွား/ကူးသန်း အနေနဲ့ လုံးဝစိစစ်မှု မရှိဘဲ လိုင်စင်ခွင့်ပြုသွားမယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

ကုန်သွယ်ရေးမှ ပို့ကုန်သွင်းကုန်လိုင်စင် ဈေးနှုန်းများ စိစစ်မှုအတွက် ဖြေလျှော့ပေးနိုင်ရေး ညှိနှိုင်းလျက်ရှိပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန အနေဖြင့် ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေးအတွက် ဆောင်ရွက်လျက်ရှိရာ လုပ်ထုံးလုပ်နည်းနှင့် အတားအဆီးများ ဖြေလျှော့ပေးခြင်း၊ လိုင်စင်မြန်ဆန်စွာ ထုတ်ပေးနိုင်ရေးနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနသို့ လာရောက်ရန် မလိုဘဲ အွန်လိုင်းမှ လျှောက်ထား ထုတ်ယူနိုင်ရေး၊ လိုင်စင် လျှောက်ထားရန် မလိုသည့် အမည်များ တိုးမြှင့်သတ်မှတ်ပေးခြင်းများ ဆောင်ရွက်ခဲ့သည်။ 
Credit To >>> Eleven Media Group

0 comments:

Post a Comment