Friday, August 1, 2014

သမ္မတအိုဘားမားကို တရားစွဲရန် အမေရိကန် အောက်လွှတ်တော် သဘောတူ


ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေနှင့် ပတ်သက်၍ အခြေခံဥပဒေကို ကျော်လွန် လုပ်ဆောင်သည်ဟု ဆိုကာ အမေရိကန်သမ္မတ အိုဘားမားကို အမေရိကန် အောက်လွှတ်တော်က တရားစွဲဆိုရန် သဘောတူလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကို အမေရိကန်သမ္မတ အိုဘားမားက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်းနှင့် ပတ်သက်၍ တရားစွဲဆိုရန် ရီပတ်ဘလီကန် အမတ်အများစု ရှိသော အမေရိကန် အောက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၂၂၅ မဲနှင့် ကန့်ကွက်မဲ ၂၀၁ မဲဖြင့် တရားစွဲဆိုရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

သမ္မတအိုဘားမားသည် ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကိုသာမက လူဝင်မှုကြီးကြပ်ရေး မူဝါဒ စသည့် ကိစ္စများကိုလည်း ကွန်ဂရက်၏ သဘောတူညီမှု မပါဘဲ ၎င်းတစ်ဦးတည်း သဘောဖြင့် လုပ်ဆောင်ခြင်းများ တွေ့ရကြောင်း ရီပတ်ဘလီကန် လွှတ်တော်အမတ်များက ပြောကြားကြသည်။

အဆိုပါ ကိစ္စများထဲမှ အောင်မြင်နိုင်ခြေ ရှိသော ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေနှင့် ပတ်သက်၍ သမ္မတအိုဘားမားကို တရားစွဲဆိုရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန် အောက်လွှတ်တော်၏ ဥပဒေရေးရ ကော်မတီဥက္ကဋ္ဌ ဖြစ်သော တက္ကဆက်ပြည်နယ်မှ ရီပတ်ဘလီကန် လွှတ်တော်အမတ် ပီတီဆက်ရှင်က ပြောကြားသည်။

ယခုကဲ့သို့ တရားစွဲဆိုမည့် ကိစ္စနှင့် ပတ်သက်၍ “ဒါ အချိန်ဖြုန်းတာပဲ။ ဒီကိစ္စဟာ နိုင်ငံရေး စတန့်ထွင်တယ်ဆိုတာ လူတိုင်းသိပါတယ်” ဟု အမေရိကန်သမ္မတ အိုဘားမားက ပြောကြားသည်။

ထို့ပြင် “ကွန်ဂရက်က ဘာမှ လုပ်မပေးဘူးဆိုရင် ကျွန်တော်တို့က ကိုယ်တတ်နိုင်တာကို လုပ်ရမှာပါ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ယခင်က အမေရိကန်သမ္မတ တစ်ဦးအပေါ် အမေရိကန် ကွန်ဂရက်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဦးက တရားစွဲဆိုမှု ရှိခဲ့ဖူးသော်လည်း အမေရိကန် အောက်လွှတ်တော် သို့မဟုတ် အထက်လွှတ်တော်က တရားစွဲဆိုခြင်းမျိုးမှာ ယခု ပထမဆုံးအကြိမ် ဖြစ်သည်။

“ဒီကိစ္စက ရီပတ်ဘလီကန် ပါတီ၊ ဒီမိုကရက်တစ် ပါတီဆိုတာနဲ့ မဆိုင်ပါဘူး။ ဒီကိစ္စက ကျွန်တော်တို့ ကျမ်းသစ္စာ ကျိန်ဆိုထားတဲ့ အမေရိကန် အခြေခံဥပဒေကို ကာကွယ်တဲ့ကိစ္စပါ” ဟု အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွန်ဘိုနာက ပြောကြားသည်။

The Voice Weekly

0 comments:

Post a Comment