ကမ္ဘာပေါ်ရှိ အမျိုးသမီး အများစုသည် မိမိတို့၏ ရုပ်ရည်နှင့် ပုံပန်းသဏ္ဍန်အတွက်
စိုးရိမ်ပူပင်စိတ်ဖြင့် အများအပြား အချိန်ကုန်နေစေကြောင်း သိရှိရသည်။
သုတေသီများက အမျိုးသမီးများသည် တစ်နှစ်လျှင် ပျမ်းမျှအားဖြင့် တစ်လစာမျှ
အချိန်ကို မိမိကိုယ်ကိုယ် မလှပဟု စိုးရိမ်စိတ် ဖြစ်ပေါ်ရင်း အချိန်ကုန်
နေကြောင်း ပြောကြားခဲ့သည်။ ဆံပင်ဖြီးသင်မှု၊ မိတ်ကပ်လိမ်းခြယ်မှု အစရှိသည့်
အလှအပ ပြုပြင်ခြင်းများ တွင် မယုံမရဲဖြင့် စိုးရိမ်မှု ဖြစ်ပေါ်နေတတ်သော
အခြေအနေမျိုးသည် အမျိုးသမီးများ၌ တစ်နှစ်လျှင် ပျမ်းမျှ (၆၂၇)နာရီနှင့်
(၂၈)မိနစ်မျှ ရှိတတ်ကြောင်း ပညာရှင်များက ဆိုသည်။ ထို့ကြောင့် မျက်နှာပေါ်မှ
အရေး အကြောင်းများ၊ ဝက်ခြံများကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရခြင်း၊
မိမိခန္ဓာကိုယ် ပုံပျက်လာပြီဆိုသော စိတ်ဖြင့် ပူပင်နေရခြင်းများသည်
အမျိုးသမီးများ၏ တစ်နှစ်တာ အချိန်ဇယားတွင် တစ်လစာမျှကို ဖဲ့ထုတ် သွားသည့်
သဘောမျိုး သက်ရောက်လျှက်ရှိသည်။
ယခုစစ်တမ်းကို ကမ္ဘာ့နိုင်ငံ အချို့မှ အမျိုးသမီး (၂၀၀၀)ကျော်၏ လူနေမှုဘဝကို
ဖြန့်ကျက် သုတေသနပြု လေ့လာခဲ့ခြင်း ဖြစ်သည်။ အမျိုးသမီး အများစုသည်
မိမိတို့၏ ကိုယ်ပိုင်ရုပ်ရည် အသွင်အပြင်နှင့် ပတ်သက်လျှင် စိတ်ပူပင်တတ်သည့်
အခြေခံ တူညီမှုမျိုး ရှိနေကြောင်း ပညာရှင်များက ဆိုသည်။ ထို့အပြင်
အမျိုးသမီးများအားလုံး စိတ်အပူဆုံး အရာသည် အဝလွန်ခြင်း၊ ကိုယ်အလေးချိန်
တက်လာခြင်းတို့ပင် ဖြစ်ကြောင်းလည်း သိရှိရသည်။ အမျိုးသမီး တစ်ဦးသည် ၎င်းတို့၏
ခန္ဓာကိုယ် အချိုးအစားကို အပြန်ပြန် အလှန်လှန် ဆင်ခြင်သုံးသပ်ရင်း
မှန်ကြည့်နေတတ်သည့် အချိန်မျိုး တစ်ပတ်လျှင် အနည်းဆုံး (၂၆)မိနစ်
ကြာမြင့်တတ်ကြောင်း ယခုသုတေသန စစ်တမ်းက ဆိုသည်။
ထို့အပြင် မိမိတို့ ခန္ဓာကိုယ်နှင့် မျက်နှာပေါ်မှ တစ်စုံတစ်ရာသော
ပြစ်ချက်ကို စိတ်ပျက်လက်ပျက် တွေး တော အချိန်ကုန်နေသည်မှာ တစ်ပတ်လျှင်
အနည်းဆုံး (၂၂)မိနစ်မျှ ကြာမြင့်တတ်ကြောင်းလည်း သိရ သည်။ ထို့အပြင်
ဆံပင်ကို အလှပြင်ခြင်း၊ ဖြီးသင်ခြင်း၊ ခေါင်းလျှော်ပြီး အခြောက်ခံခြင်း
အစရှိသည့် ကိစ္စများအတွက် တစ်ပတ်လျှင် အနည်းဆုံး (၅၇)မိနစ်မျှထိ အချိန်ကို
အသုံးချတတ်ကြောင်းလည်း ဆိုသည်။ ယခုသုတေသန လုပ်ငန်းကို Lycra အလှကုန်
လုပ်ငန်းစု၏ ပိုင်ရှင်ဖြစ်သည့် Invistaaက အထောက် အပံ့ပြု လေ့လာစေခဲ့ခြင်း
ဖြစ်သည်။ စစ်တမ်း၏ တွေ့ရှိချက်အရ မိန်းကလေး (၁၀)ယောက်တွင် (၉)ယောက်သည်
ခန္ဓာကိုယ်ပေါ်မှ မိမိတို့ စိတ်ကြိုက်မတွေ့သည့် အစိတ်အပိုင်းကို ဖုံးကွယ်
သည့် ဝတ်စုံမျိုးဖြင့် အပြင်ထွက်လေ့ ရှိကြောင်းလည်း သိရှိရပြန်သည်။
ထို့အပြင် စစ်တမ်းတွင် ပါဝင်သည့် အမျိုးသမီးများ၏ (၄၈)ရာခိုင်နှုန်းက
မိမိတို့သည် စိတ်ကျေနပ်မှု မရှိသည့် ခန္ဓာကိုယ် အစိတ်အပိုင်းအတွက်
စိတ်ပူပင်သည့် ပြဿနာမျိုး မကြာခဏ ကြုံရတတ်သည်ဟု ဝန်ခံခဲ့ကြောင်းလည်း အဆိုပါ
သုတေသန ရလဒ်၌ ထည့်သွင်း ဖော်ပြသွားသည်။
By Planet
0 comments:
Post a Comment