ပူးပေါင်းရေးအတွက်
သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD က
သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ SNDP ထံ ကမ်းလှမ်းထားမှု
တလပြည့်ပြီ ဖြစ်သော်လည်း တိုးတက်မှု မရှိသေး ကြောင်း နှစ်ပါတီလုံးက
ပြောပါသည်။
ဒီဇင်ဘာ ၁၆ ရက် ယမန်နေ့က
ပူးပေါင်းရေးအတွက်ကမ်းလှမ်းမှုမှာ တလပြည့်ပြီဖြစ်သော်လည်း
ကျားဖြူပါတီဘက်မှတုန့် ပြန်မှုမရှိသေးသဖြင့်
ဒုတိယအကြိမ်ထပ်မံကမ်းလှမ်းမည်ဖြစ်ကြောင်း SNLD ပါတီ၏ အထွေထွေအတွင်းရေးမှူး
စိုင်းညွန့်လွင်က ပြောပါသည်။
“ကျားဖြူဘက်က တုန့်ပြန်မှုမရှိသေးဘူး။
ဒီကနေ့ ထပ်မံကမ်းလှမ်းတဲ့ စာတစောင်ထပ်ပို့ထားတယ်။ နက်ဖြန်မှ အဲဒီစာ
ကျနော်တို့ တရားဝင်ထုတ်ပြန်မှာဖြစ်ပါတယ်။ ၂ ဦး ၂ ဘက်ပူးပေါင်းရေးအတွက်
ကျနော်တို့ဘက်ကလည်း ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အသင့်ပြင်ဆင်ထားပါတယ်”
ဟု စိုင်းညွန့်လွင် ကပြောသည်။
ကျားဖြူပါတီဘက်မှ ကော်မတီဝင်တချို့က
၂၀၁၄ နှစ်ဆန်း ကျားဖြူညီလာခံပြီးနောက်ပိုင်း ပူးပေါင်းရေး အတွက် ဆွေးနွေး
ဖြစ်မည်ဟုပြောသကဲ့သို့ ကော်မတီဝင်တချို့ကလည်း ၂၀၁၅ ရွေးကောက်ပွဲပြီး
နောက်ပိုင်း မှသာ ဆွေးနွေးဖြစ်မည်ဟု ပြော ဆိုကြသည်ကို ကြားရကြောင်း SNLD
ဘက်ကပြောပါသည်။
၎င်းနှင့်ပတ်သက်၍ ကျားဖြူပါတီ SNDP ဘက်မှ
ပူးပေါင်းရေးကော်မတီခေါင်းဆောင်၊ ကျားဖြူပါတီ ဒုဥက္ကဌ စိုင်းဆောင်ဆီ က “
ခုတလော ကျနော်တို့ပါတီဝင်တွေလဲ ကိုယ့်အလုပ်ကိစ္စနဲ့ကိုယ် ရှင်းလင်း
နေကြတာနဲ့ ဒီကိစ္စ မဆွေးနွေးကြရ သေးပါ ဘူး။ ဒါကြောင့်ကျနော်တို့ ဘက်က
အကြောင်းမပြန်နိုင်သေးတာဖြစ်ပါတယ်။ ပါတီတွေပူးပေါင်းဖို့အတွက် မိခင်ပါတီ
ကိုဖျက်ရမယ် ဆိုတဲ့ ရွေးကောက်ပွဲဥပဒေ တခုကလွဲလို့ ကျနော်တို့ ဘက်က
ဘာမှအခက်အခဲမရှိပါဘူး။ ဒီကိစ္စအတွက် ကျနော်တို့
အများကြီးထပ်ဆွေးနွေးရဦးမှာပါ” ဟု သျှမ်းသံတော်ဆင့်အားပြောပါသည်။
ပူးပေါင်းရေးအတွက်
SNDP ကျားဖြူပါတီဘက်မှ ဦးစိုင်းဆောင်ဆီ ဦးဆောင်သော ကော်မတီကို ၂၀၁၃
ဂျန္နဝါရီ ကျားဖြူ ညီလာခံ ကတည်းက ဖွဲ့စည်းခဲ့သည်။ SNLD ကျားခေါင်းဘက်ကမူ
စိုင်းစောအောင် ဦးဆောင်သည့် ပူးပေါင်းရေးကော် မတီကိုလည်း ယခုနှစ်နိုဝင်ဘာလက
ဖွဲ့စည်းလိုက်ပါသည်။
ပြည်ထောင်စု တဝှမ်းလုံးတွင် သျှမ်းလူထု
ကိုယ်စားပြုပါတီ သုံးခုရှိပါသည်။ ကျားခေါင်း ခေါ် SNLD ၊ ကျားဖြူ ခေါ် SNDP
နှင့် ကျားနီ ခေါ် တိုင်းလိုင်
(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP) ဟူ၍ဖြစ်သည်။
သျှမ်းသံတော်ဆင့်
0 comments:
Post a Comment